"နွေဦးတော်လှန်ရေး ဘာကြောင့်မအောင်မြင်ရသလဲ"
======
ငလျင်ဘေးမှာ ပြည်သူတွေက သိန်းပေါင်းများစွာ လှူကြပြီးတော့ တော်လှန်ရေးမှာ ဝင်မကူကြလို့ ဆိုပြီး ရေးထားတာလေး တွေ့မိတော့ ကိုယ်တစ်ခု ပြန်မေးချင်စိတ် ဖြစ်လာတာက မင်းတို့ တော်လှန်ရေးကရော အစစ်အမှန် ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။
----
သွေးကြွေးမှာ ဆွေးနွေးးစရာ မရှိဘူး။ ၈၈ က အချိုးတွေ ၂၁ မှာ လာမချိုးနဲ့ဆိုတဲ့ ကြွေးကြော်သံတွေက တပ်မတော်ကို အင်အားစု တပ်ပေါင်းစုတွေနဲ့ အပြုတ်ဖြုတ်နိုင်မယ်လို့ လွယ်လွယ်မျှော်လင့်ခဲ့ပုံရတယ်။ တစ်ခုတော့ ရှိတာပေါ့။ သိပ်ကို ရိုးသားလှပါတယ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုယ်တိုင် ဒီမိုကရေစီ တော်လှန်ရေးနဲ့ လူမျိုးစု လက်နက်ကိုင်လမ်းစဉ်ကို ရောယှက်ပြီး လူငယ်ထုကို မျှော်လင့်ချက်တွေ ပေးခဲ့တာလည်း ပါကောင်းပါမှာပေါ့။ လက်နက်ကိုင်လမ်းစဉ်မှာ လွတ်လပ်ရေးနဲ့ အတူ မရှေ့မနှောင်းပေါ်ထွက်လာခဲ့တဲ့ ကရင်လက်နက်ကိုင်တပ်တောင် မြန်မာတပ်မတော်ကို အပြုတ်တိုက်ဖို့ မဖြစ်နိုင်တာ လက်ခံ ထားပြီးပြီပဲ။
-----
ပြည်ပြေးစိန်ဝင်းနဲ့ ဦးနု လက်ထက်ကတည်းက အဝေးရောက် အစိုးရ လမ်းစဉ်ဟာ သန္ဓေ မမှန်ခဲ့သလို ဘယ်တော့မှလည်း ပြည်တွင်းမှာ အစိုးရပြန်မဖြစ်ဘူးဆိုတာ နားလည်ကြဟန်လည်း မရှိဘူး။ ဒီကြားထဲ NUG တို့လို သန္ဓေမကောင်းကြတဲ့ ကိုယ်ကျိုးရှာသမားတွေ ဦးဆောင်ကြတဲ့အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်က မဆိုထားနဲ့၊ ကိုယ့် CoC ထဲက PDF တွေကိုတောင် တစ်စုတစ်စည်းတည်း အုပ်ချုပ်နိုင်ခြင်း မရှိခဲ့ဘူးမဟုတ်လား။
------
NUG လက်အောက်ခံ ပပပ၊ ပအဖ၊ ပကဖ တွေ ဦးဆေယင်တဲ့ ရေနံမြေက KTV နဲ့ မာဆက်တွေ၊ ရွှေဘိုနယ်က နိုင်ငံကျော် မုဒိန်းမှုတွေ၊ ရေး-ထားဝယ်နဲ့ တမူးဒေသမှာ ဖြစ်ခဲ့တဲ့ ဂျီနိုဆိုက် ဆန်ဆန် အကြမ်းဖက် ခေါင်းဖြတ်လူသတ်ခဲ့တဲ့ ဖြစ်စဉ်တွေ၊ အညာဒေသက အလောင်းတော် သစ်ကြိုးဝိုင်းထဲက တရားမဝင် သစ်ခိုးထုတ်မှုတွေ၊ ယင်းမာပင်နဲ့ ပုလဲ နယ်ဘက်က PDF အချင်းချင်း သတ်ဖြတ်တာတွေဟာ တရားဥပဒေမရှိ၊ စစ်စည်းကမ်း မရှိတဲ့ လုပ်ရပ်တွေချည်းပါပဲ။
-----
ဒီကြားထဲ နာမည်ကျော် လော်ဘီတွေရဲ့ အရှင်လတ်လတ် ပရောဂျက် အယောင်ပြ ဂွင်ဖန်မှုတွေ၊ နွေဦးထီ၊ ငှက်ကင် ပရောဂျက်၊ ဘာကွန်ဒို၊ ဘယ်လို မြေတိုက်အငှားစာချုပ် စသဖြင့် လူထု ပိုက်ဆံကို နည်းမျိုးစုံနဲ့ ကလံဖန်ထိုး ခိုးခဲ့ကြတာတွေလည်း ရှိသေးသကိုး။ တော်လှန်ရေး ဘမ်းပြပြီး အထက်လူတွေက တတိယ နိုင်ငံ အရောက်လှမ်းနိုင်ဖို့ အားထုတ်ကြပေမယ့် အောက်ခြေ PDF ကလေးတွေမှာတော့ လက်နက်ရဖို့ EAO တွေဆီမှာ နှစ်အငှားစာချုပ်နဲ့ ကျွန်ခံနေကြရတဲ့ ဖြစ်စဉ်တွေကြောင့်လည်း ဒီတော်လှန်ရေး မအောင်မြင်ရတဲ့ အကြောင်းတရားပဲ။
------
အနုပညာရှင်တွေကိုယ်တိုင် ဝန်ထမ်းတွေ အလုပ်ထွက်ကြဖို့၊ CDM တွေ လုပ်ကြဖို့ လှုံ့ဆော်ခဲ့ကြသလို အစိုးရ ပြုတ်ကျဖို့ နည်းမျိုးစုံ ကောလာဟလ တွေလည်း ဖြန့် ဝေခဲ့ကြတယ်။ တော်လှန်ရေးဟာ CDM နဲ့ တင်မလုံလောက်ဘဲ လျှပ်စစ်တာဝါတိုင်တွေ၊ လမ်းတံတားတွေ၊ ဆက်သွယ်ရေး တာဝါတိုင်တွေကို အကြိမ်ပေါင်းများစွာ ပျော်ပျော်ပါးပါး ဖျက်ဆီးခဲ့ကြသလို လူသတ်ရင်တောင် ဒလံ ခေါင်းစဉ်အကြောင်းပြလိုက်ရုံနဲ့ လူသတ်လိုင်စင် ရထားကြသလို ဆောင်ရွက်ခဲ့ကြတယ်။ ဘယ်မှာမှ မကြားဘူးတဲ့ လွိုင်ကော်တက္ကသိုလ်က ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပြန်ပေးဆွဲတဲ့အထိ အကြမ်းဖက်ခဲ့ကြသလို ဖြိုးသီဟတို့လို ပညာတတ် ဆရာဝန်တွေကအစ ရွှေတိဂုံ မဖူးဖို့အထိ တားမြစ်ခဲ့ကြတယ်။
------
ကိုယ့်အယူဝါဒ မှန်ကြောင်း သက်သေပြဖို့ တပါးသူကို အပုတ်ချ၊ ချနင်း ၊ သတ်ဖြတ်ခဲ့တဲ့ လမ်းစဉ်တွေ၊ အစိုးရ ထိခိုက်ရင်ပြီးရော ပြည်သူ ဘာဖြစ်ဖြစ်ဆိုပြီး ကောလာဟလ ဖြန့်ခဲ့ကြတဲ့သူတွေ အနေနဲ့ ဒီတော်လှန်ရေးဟာ ခုလည်း နိုင်စရာ မရှိသလို၊ နောင်လည်း နိုင်စရာ မရှိဘူး။ နောက်ဆုံး အဖြေကတော့ ဒီတော်လှန်ရေး လမ်းစဉ်ဟာ လမ်းစဉ်မမှန်ဘူးဆိုတာကို အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေက တဖြည်းဖြည်း သိလာကြလို့ပဲ။
(နရီမိုး)