ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်နဲ့ လှုပ်ခတ်ခဲ့တဲ့ မြန်မာ့ဘေးဆိုးငလျင်ဟာ မြန်မာနိုင်ငံအဖို့ နှစ်ပေါင်း ၁၈၀ အတွင်းမှာ အဆိုးဆုံးဖြစ်သလို ဒီငလျင်ကြောင့်ပဲ ဧပြီ ၆ ရက် ညနေ ၅ နာရီအထိ လူပေါင်း ၃၅၆၄ ဦး သေဆုံးထားသလို အသေးစိတ်မသိရသေးပေမဲ့ ဧပြီ ၅ ရက်အထိ စာရင်းတွေအရ အဆောက်အဦပေါင်း ၅,၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်စာသင်တိုက် ၂,၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးတဲ့အပြင် ဘုရားစေတီပေါင်း ၄,၈၁၇ ခုနဲ့ ဆေးရုံဆေးခန်း ၁၆၇ ခုပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် လျှပ်စစ်တာဝါတိုင်တွေ၊ ဗလီတွေ ရာထောင်ချီလည်း ပျက်စီးခဲ့သေးတာပါ။
ဒီလို ပျက်စီးမှုတွေအတွက် နိုင်ငံ ၂၀ က ထောက်ပံပစ္စည်းတွေနဲ့ ကယ်ဆယ်ရေးပစ္စည်း တန် ၂၀၀၀ လောက်ပဲ ရထားသေးတာပါ။ နိုင်ငံတကာက ကူညီကယ်ဆယ်မှုတွေဟာ ငွေကြေးအနေနဲ့လာတာမဟုတ်ဘဲ တန် ၂၀၀၀ လောက် ပစ္စည်းတွေနဲ့ ကူညီကယ်ဆယ်သူ ၁၇၃၈ ဦးကို ကူပံ့တဲ့အခြေအနေပည။ ဒီကူညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အစိုးရမတည်ငွေ ကျပ်ဘီလျံ ၅၀၀၊ လုပ်ငန်းရှင်တွေ လှူဒါန်းငွေ ကျပ် ၁၁၆ ဘီလျံ အားလုံးပေါင်းရင်တောင် လက်ရှိ ပျက်စီးဆုံးရှုံးမှုအတွက် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေချိန်မျိုးမှာ SAC အစိုးရကို မနှစ်မြို့တာနဲ့ နိုင်ငံတကာက အကူအညီမရအောင်၊ နိုင်ငံတကာက အကူအညီထပ်မလာအောင် လုပ်ဆောင်သမျှဟာ မန္တလေး၊ စစ်ကိုင်းနဲ့ တခြားမြို့များစွာက ငလျင်ဒဏ်ခံ ပြည်သူတွေအပေါ်ပဲ ဆိုးရွားစွာသက်ရောက်မှာပါ။
ဒီလိုမျိုး SAC အစိုးရကို တရားဝင်အစိုးရလို့ မဆက်ဆံစေချင်လို့ ပုံဖျက်တယ်ဆိုဦးတော့ လွန်ခဲ့တဲ့လေးနှစ်ကသာ အောင်မြင်မှာဖြစ်ပေမဲ့ လက်ရှိကာလမှာတော့ အမေရိကန်လို နိုင်ငံမျိုးကတောင် ဒေါ်လာ ၉ သန်းဖိုး ကူညီထောက်ပံ့ပစ္စည်းတွေကို SAC အစိုးရထံ တိုက်ရိုက်ကူညီနေပြီဖြစ်တာမို့လို့ ပြည်သူလူထုကို တိုက်ရိုက်ထိခိုက်စေမဲ့ ကူညီကယ်ဆယ်ရေးကို နှောင့်ယှက် ပုံဖျက်နေသူတွေအဖို့ ဒီလိုကာလမှာ အသိဉာဏ်မဲ့ နိုင်ငံရေးအမြတ်ထုတ်မှုတွေ ရပ်တန့်ထားတာ အကောင်းဆုံးဖြစ်မှာပါ
MT News