“ရှိသေးလား ... ခွဲ ၁
ရှိသေးလား ....”
တပ်မတော် ထုံးစံအတိုင်း ၃ ကြိမ် ၃ ခါ မေးခွန်းထုတ်ပြီးသကာလမှာတော့ ဗိုလ်ကြီးမင်းထွန်း စာရင်းပိတ်သိမ်းလိုက်သည်။ ဆန္ဒပြုစာရွက်ကို တပ်ခွဲမှူး၊ တပ်ရင်းမှူး မှ တဆင့် စစ်ကြောင်းမှူး၊ ထိုမှတဆင့် စစ်ရေးပြမှူး ထိ သတင်းပို့လိုက်သည်။
ဘကောင်း တို့လိုပင် အခြား တပ်ခွဲတွေမှာလဲ စာရင်းပိတ်သိမ်းပြီး စစ်ကြောင်းမှူး ထံ သတင်းပို့ကြသဖြင့် အချိန် အနည်းငယ်တော့ကြာသွားသည်။ စစ်ကြောင်းမှူး တစ်ယောက် သူ့ ရုံးအဖွဲ့နှင့်အတူ စစ်ရေးပြစစ်သည်များ သတင်းပို့မှုများကို ခွဲခြမ်း စိတ်ဖြာပြီး စာရင်းပြုစုကာ အထက်ဌာနသို့ ချက်ချင်း သတင်းပို့သည်။
အထက်ဌာနမှလဲ သူတို့ တောင်းဆိုထားသည့် အတိုင်း တင်ပြလာသည်မို့ ဖြစ်သင့်ဖြစ်ထိုက်သလို နေရာချထားခြင်းနှင့် ခွဲခြမ်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပြန်လည်ချပြပေးသည်။ အချိန်အားဖြင့်တော့ ဘကောင်း တို့ စစ်ရေးပြစစ်ကြောင်းတွေ အမှတ်(၃)စစ်ကြောရေးနှင့်တည်းခိုရေးတပ်ရှိ စစ်ရေးပြကွင်းထဲ ၂၀ မိနစ်ခန့် မတ်တပ် ရပ်လိုက်ရသည်။
“တပ်ပေါင်း ... ရှေ့ကြည့်
တပ်ပေါင်း .. သတိ
တပ်ခွဲလိုက်က ဆန္ဒပြုထားတဲ့ အရာရှိ/စစ်သည်တွေ
ခုလက်ရှိ Squad ထဲကနေ ထွက်မယ်
နောက်ကို ထွက်တန်းစီမယ်
မန္တလေး ၊ စစ်ကိုင်း ဆိုပြီး တန်းစီမယ်
အရာရှိတွေက စီနီယာအလိုက် ရာထူးအလိုက်
Squad ကို တာဝန်ယူမယ်
လုပ် ... ထွက်”
ဆန္ဒပြုထားသည့် စစ်သည်တွေနှင့် ဆန္ဒမပြုထားသည့် စစ်သည်တွေကို ခွဲထုတ် လိုက်သည်။ အရာရှိ/စစ်သည် များ Squad တွေထံမှ အလျှိုလျှိုထွက်ခွာသွားမှုကို လိုက် ကြည့်ရင်း စိတ်ထဲမှ ရေတွက်မိသလောက်ကတော့ အရမ်းကြီး အင်အားမများ။ လုံလောက်သည့် အင်အားမဟုတ်။ ထို့ကြောင့် ဘကောင်း တို့ ဆန္ဒမပြုသည့် စစ်သည် တွေထဲမှ ထပ်မံ ခွဲဝေခံထိဦးမည်လို့တော့ သုံးသပ်မိသည်။
“ဟုတ်ပြီ ... ဒါဆို
ခုဖတ်ပြတဲ့ စစ်ကြောင်းက
မန္တလေး Squad ကို သွားပေါင်းမယ်
Xxxxx စစ်ကြောင်း”
ခန့်မှန်းထားသည့် အတိုင်းပင် စစ်ရေးပြမှူး ကား စစ်ရေးပြ ဖွဲ့စည်းပုံအတိုင်း မန္တလေးနှင့် စစ်ကိုင်း ကို တာဝန်ခွဲခြားမှုပြုသည်။
“xxxx စစ်ကြောင်း က စစ်ကိုင်းဖြစ်မယ်
စစ်ကိုင်း Squad နဲ့ သွားပေါင်းမယ်”
ဘကောင်း တို့ စစ်ကြောင်း ကတော့ နေပြည်တော် သို့ပဲသွားရမည်ထင်သည်။ နောက်ကိုသွားပေါင်းသည့်ထဲတွင်တော့မပါ။
“xxxx စစ်ကြောင်းနဲ့ xxxx စစ်ကြောင်း
ခင်ဗျားတို့ အဲ့မှာ စစ်ကြောင်းမှူးတွေပါတယ်
ဖွဲ့စည်းပုံအတိုင်း တန်းစီပါ
Volunteer ပေးထားတဲ့ အရာရှိ/စစ်သည် တွေကို
အရန်အနေနဲ့ စုဖွဲ့တန်းစီပါ”
တပ်မတော်တွင် အင်အား ခွဲခြမ်းမှုသည် အဓိကဖြစ်သဖြင့် စစ်ရေးပြမှူး အနေဖြင့် တန်းစီလူစစ်ခြင်းကို အရင်ဆုံး ဆောင်ရွက်စေသည်။
“တပ်ပေါင်း .. ရှေ့ကြည့်
တပ်ပေါင်း .. သတိ
တပ်ပေါင်း ... ညာညှိ”
တန်းစီလူစစ်ခြင်းကား ၁ နာရီမျှ ကုန်လွန်သွားသည်အထိ မပြီးစီးနိုင်သေး။ ဘယ် ပြီးမလဲ ... သူတို့အနေဖြင့် ကယ်ဆယ်ရေး တာဝန်ထမ်းဆောင်ရန် စုဖွဲ့ရတာကိုး။ ဒီလူ အင်အားနှင့် ဒီအချိန်လေးအတွင်းမှာ စုဖွဲ့ရတာ ခက်ခဲမှန်း တကယ်ဆောင်ရွက်ဖူးသူ တွေသာသိသည်။
“တပ်ပေါင်း .. ရှေ့ကြည့်
မန္တလေး နဲ့ စစ်ကိုင်း
တန်းစီပြီးပြီလား
အင်အား သတင်းပို့ .....”
ဒီလိုနှင့် အင်အားတွေ ပြန်လည်စုစည်းပြီးသကာလမှာတော့ တန်းစီခြင်းကိစ္စ ပြီးစီး သွားသည်။
ဓာတ်ပုံ - အွန်လိုင်းမှကူးယူဖော်ပြထားပါသည်။
ဆက်ရန်မျှော်
မင်းထက်ကျော်ဇော
(စိတ်ကူးနှင့် လက်တွေ့ ပေါင်းစပ်ပြီး ဖတ်ကောင်းအောင် ရေးသားထားခြင်းဖြစ်သဖြင့် အရာအားလုံးမှာ တကယ့်အဖြစ်အပျက်များမဟုတ်ကြောင်း ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ တချို အကြောင်းအရာများသည် လက်တွေ့နှင့်ကွဲလွဲမှုရှိနေနိုင်သဖြင့် လွန်တာရှိ ဝန်တာမိ ပါလိုပြောပါရစေ စာချစ်သူခင်ဗျာ။ ဤဝတ္တုပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲအစည်းကိုမျှ ထိခိုက်ပုတ်ခတ်ခြင်း၊ စော်ကားလိုခြင်းအလျဉ်းမရှိကြောင်း တင်ပြအပ်ပါသည်။)