အခန်းပိုင်ရှင်တွေကို စာရွက်အလွတ်တွေမှာ ပြောင်းရွေ့လိုသည့် ပစ္စည်းများကို ချရေးစေသည်။ ဦးစားပေးအဆင့်အတန်းနှင့်ရေးစေခြင်းဖြစ်သဖြင့် အကုန်လုံးကို ပြန်ပါ အောင် ယူလာမည်ဆိုတာတော့ မသေချာ။
ဗိုလ်ကြီးမင်းထွန်း ဆုံးဖြတ်တာလဲ ဟုတ်သည်။ အဆောက်အအုံမှာ အောက်ထပ် အကုန်လုံးပွင့်ထွက်သွားပြီး အပေါ်ထပ်တွေမှာလဲ လှေကားတွေပြိုနေတာကို မြင်ရ သည်။ အခြေအနေက ဘာမှန်းမသိ။ ခိုင်ခံ့မှု ရှိမလား မရှိဘူးလား ဆိုတာ တက်ကြည့်မှ သိရမည်ဖြစ်သည်။ တက်ကြည့်ရမည်ဆိုတာကလဲ စွန့်စားရမည်ဖြစ်ပြီး မသေချာ။
“ဒါ အခန်း xxx က ပစ္စည်းပါ ဗိုလ်ကြီး
ကျွန်မ တို့ဆီမှာ ဘာမှမရှိပါဘူး
ဒီ စာရွက်စာတမ်းတွေပဲ အရင်ယူပေးပါ”
ဒီလိုနှင့် စာရွက် အလွတ်တွေမှာ သူတို့ လိုချင်သည့် ပစ္စည်းပစ္စယများရေးသားပြီး ဗိုလ်ကြီးမင်းထွန်း ကို အပ်နှံကြသည်။ တပ်စုမှူး ဗိုလ်ကြီးမင်းထွန်း တစ်ယောက် သူတို့ လာအပ်သည့် စာရွက်တွေကို သေချာစွာ တစ်ရွက်ချင်းဖတ်ကာ သိမ်းဆည်းပြီးနောက် Squad ကို တန်းဖြုတ်စေသည်။
“ငါနဲ့အတူ ၁၀ ယောက်လိုက်ခဲ့
ကျန်တဲ့အဖွဲ့တွေ တန်းဖြုတ်ပြီး ဒီမှာနေခဲ့
ငါတို့ တစ်ခုခုဆို
ဒီကရှိတဲ့ ပြည်သူတွေခေါ်ပြီး ဟိုးဘက်ကိုရွေ့ပါ”
ရှေ့ပြေးအနေဖြင့် တက်ရမည့် အဖွဲ့တွေကို အရာရှိကိုယ်တိုင် ဦးဆောင်မည်ဖြစ် သည်။ ဗိုလ်ကြီးမင်းထွန်း တစ်ယောက်ကတော့ သူ့တပည့်တွေကို စိတ်မချလို့ ထင်သည်။ ကိုယ်တိုင်စွန့်စားဖို့ ဆုံးဖြတ်ပြီး Squad ထဲမှ အကြပ်ကြီး တစ်ဦးအား တန်းအပ်ခဲ့သည်။
“ဆရာကြီးကျော်စိုး .. ခင်ဗျား တပည့်တွေကို ကြည့်နေခဲ့
ကျုပ် အပေါ်တက်မယ်”
တပ်ကြပ်ကြီးကျော်စိုး ကား ဗိုလ်ကြီးမင်းထွန်း ကို တားသည်။
“ဗိုလ်ကြီး .. နေနေ
ကျွန်တော် တက်မယ်
ဗိုလ်ကြီး နေခဲ့”
ရုပ်ရှင်ဇာတ်လမ်းထဲကလို သူတက်မယ် ငါတက်မယ် ဆိုသည့် အဖြစ်အပျက် တွေမှာ ရုပ်ရှင်ရိုက်လို့ သရုပ်ဆောင်နေကြတာမဟုတ်ပဲ အပြင်လောကမှာလဲ ဒီလို ဆိုတာကို ဘကောင်း တို့ မျက်ဝါးထင်ထင်မြင်ရသည်။
“ဆရာကြီး .. ခင်ဗျား ကျုပ်ပြောတဲ့အတိုင်းလုပ်ပါ
ကျုပ် ဒီမောင် တွေကို စိတ်မချဘူး
ပြည်သူ့စစ်မှုထမ်းတွေများတယ်
ခင်ဗျား က နေခဲ့ပြီး စီမံပါ”
လေသံခပ်မာမာနှင့် အမိန့်ပေးလိုက်တော့ တပ်ကြပ်ကြီးကျော်စိုး ဘာတစ်ခွန်းမျှ ထပ်မဟတော့။ ဘကောင်း တို့ တပ်မတော်တွင် အမိန့်ဆိုသည့် စကားလုံးနှစ်လုံးကား အတော်တာလှသည်။
“ဟုတ် .. ဗိုလ်ကြီး”
ဒီလိုနှင့် ပထမဆုံး တက်ရမည့် ၁၀ ယောက်ထဲတွင် ဘကောင်း ရော စံထွန်း ရော ပါဝင်ခဲ့သည်။
“ကဲ .. လာ
ငါ့ကောင်တွေ .. ငါ့နောက်လိုက်ခဲ့”
ခေတ်သစ် အရာရှိတွေ သုံးစွဲလေ့ရှိသည့် “Follow Me” ဆိုသည့် ဦးဆောင်မှုကို ဗိုလ်ကြီးမင်းထွန်း စတင်သုံးစွဲသည်။ ဒီလို စစ်ခေါင်းဆောင်နှင့်ဆိုလျှင် ဘကောင်း တို့ ၁၀ ခါပြန်သေရဲသလို အခါ ၁၀၀ မက သေတွင်းကိုသွားရဲ သည့် စိတ်တွေဖြစ်ပေါ်သည်။
“သတိထားနော်
ငါနင်းတဲ့အတိုင်းလိုက်နင်း
အခြားနေရာမနင်းနဲ့”
အဝေးမှကြည့်တော့သာ ဘာမှမခက်တာ တကယ့်တကယ် စတက်တော့ အဆောက်အအုံကြီးက နွဲ့နေသလို ခံစားရသည်။
“အတော်ဆိုးတာပဲဟ
ဒီအတိုင်းဆို ပစ္စည်းအကြီးတွေ
ခဏထားမှဖြစ်မယ်”
ဗိုလ်ကြီးမင်းထွန်း အခြေအနေကို တစ်ယောက်ထဲ သုံးသပ်ချက်ထုတ်သည်။ ဘကောင်း လဲ ဆရာသမား ပြောတာကို လက်ခံသည်။ အဆောက်အအုံကား အတော်ကို နွဲ့နေသည်လို့ခံစားရသဖြင့် ဗီဒိုတွေဘာတွေချလျှင်တော့ အန္တရာယ် အတော်ကြီးလှသည်။
သတိထားသွားနေရင်းနဲ့ ဘကောင်း တစ်ယောက် အပျက်အဆီး ကျောက်ခဲ ပုံလေးကို တက်နင်းပြီ ခြေချော်သလိုဖြစ်သွားသေးသည်။
ဓာတ်ပုံ - အွန်လိုင်းမှကူးယူဖော်ပြထားပါသည်။
ဆက်ရန်မျှော်
မင်းထက်ကျော်ဇော
(စိတ်ကူးနှင့် လက်တွေ့ ပေါင်းစပ်ပြီး ဖတ်ကောင်းအောင် ရေးသားထားခြင်းဖြစ်သဖြင့် အရာအားလုံးမှာ တကယ့်အဖြစ်အပျက်များမဟုတ်ကြောင်း ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ တချို အကြောင်းအရာများသည် လက်တွေ့နှင့်ကွဲလွဲမှုရှိနေနိုင်သဖြင့် လွန်တာရှိ ဝန်တာမိ ပါလိုပြောပါရစေ စာချစ်သူခင်ဗျာ။ ဤဝတ္တုပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲအစည်းကိုမျှ ထိခိုက်ပုတ်ခတ်ခြင်း၊ စော်ကားလိုခြင်းအလျဉ်းမရှိကြောင်း တင်ပြအပ်ပါသည်။)