■ မြန်မာသံအဆိုတော် ခင်ညွန့်ရီ ကင်ဆာရောဂါဖြင့် ကွယ်လွန်
မြန်မာသံအဆိုတော် ခင်ညွန့်ရီ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သမီးဖြစ်သူ အဆိုတော် အိုပြည့်ရှင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဖေဖော်ဝါရီ ၂၀ ရက် ည ၁၁ နာရီ ၅ မိနစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာကုသဆောင်တွင် တက်ရောက်ကုသနေစဥ ်ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" အမေ (အညာသူကြီး) (၂၀.၂.၂၀၂၅) ည ၁၁:၅ မိနစ်မှာ သူချစ်တဲ့အနုပညာ ၊ သူချစ်တဲ့ပရိတ်သတ်များကို ထာဝရ စွန့်ခွာသွားပါပီ" ဟု သမီးဖြစ်သူ အဆိုတော် အိုပြည့်ရှင်က ရေးသားထားသည်။
အဆိုတော် ခင်ညွန့်ရီမှာ ဇန်နဝါရီ ၃၁ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါကု ဌာနတွင် တက်ရောက်ကုသမှုခံယူနေခြင်းဖြစ်ပြီး ဆေးရုံတက်ပြီး ရက် ၂၀ ကျော်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
အဆိုတော်ခင်ညွန့်ရီ ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါသည်။
မြန်မာသံအဆိုတော် ခင်ညွန့်ရီမှာ ယခင် ကက်ဆက်ခွေခေတ်တွင် ကက်ဆက်ခွေပေါင်း ၁၀၀ ကျော်ထွက်ရှိခဲ့ပြီး ပရိတ်သတ်အခိုင်အမာရရှိခဲ့သူတစ်ဦးဖြစ်သည်။
ဆောင်းအမီ၊ တိမ်ပလီနွေနှောင်း၊ လက်ပံပွင့်ကောက်အရောက်လာမယ်၊ ချစ်တံခြူရှင်၊ နှင်းဆီမလေး ချစ်ပုံပြင်၊ ပန်းနဲ့ပေါက်တာလည်း နာချင်တယ် အစရှိသည့် တေးသီချင်းများမှာ မြန်မာသံပရိတ်သတ်များအကြားတွင် ရေပန်းစားခဲ့သည့် သီချင်းများလည်း ဖြစ်သည်။