စစ်ပွဲတစ်ခုအတွက်တရုတ်နိူင်ငံပြင်ဆင်နေပြီလား။
MHT NEWS (02~Feb)
တရုတ်နိုင်ငံသည် ပင်တဂွန်စစ်ဌာနချုပ်ထက် ၁၀ ဆခန့်ကြီးမားသော စစ်ဌာချုပ်အသစ်ကို မြို့တော်ပေကျင်းအနီးတွင် တည်ဆောက်နေသည်ဟု အမေရိကန်ထောက်လှမ်းရေးအရာရှိများက ပြောကြားလိုက်သည်။
မြို့တော်အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ ဂြိုဟ်တုဓါတ်ပုံများအရ ဧက ၁,၅၀၀ ကျယ်ဝန်းသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရပြီး နျူကလီးယာစစ်ပွဲတစ်ခုဖြစ်လာချိန်တွင် တိုင်းပြည်၏ ထိပ်တန်းစစ်ဘက်အရာရှိများကို ကာကွယ်နိုင်စေရန် ပိုမိုခိုင်ခန့်သော ဘန်ကာများထားရှိနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။
“ပေကျင်းစစ်မြို့တော်” ဟု အမည်ပြောင်ပေးထားသော အဆောက်အအုံကြီးပြီးစီးပါက ကမ္ဘာ့အကြီးဆုံး ရုံးဌာနဟု လူသိများသော အမေရိကန်၏စစ်ဌာနချုပ်ပင်တဂွန်ကို တဲပုတ်ဖြစ်သွားစေဖွယ်ရှိသည်။
Financial Times က ရရှိခဲ့သော ဓါတ်ပုံများအရ ၂၀၂၇ ခုနှစ်တွင် ကျရောက်မည့် ၎င်း၏ ရာပြည့်အထိမ်းအမှတ်အတွက် ပြင်ဆင်နေသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် စီမံကိန်း၏ အကြီးစားတည်ဆောက်မှုကို ၂၀၂၄ နှစ်လယ်တွင် စတင်ခဲ့သည်ဟု ဖော်ပြထားသည်။
စီအိုင်အေ၏ တရုတ်ရေးရာဌာန အကြီးအကဲဟောင်း ဒန်းနစ် ဝိုင်ဒါက စီမံကိန်းကို အတည်ပြုနိုင်ပါက အဆောက်အအုံသစ်သည် နျူကလီးယားစစ်ပွဲတိုက်ခိုက်ရေးစွမ်းရည် တိုးတက်စေရန် ပေကျင်း၏ ရည်ရွယ်ချက်ကို ဖော်ပြနေသည်ဟု ပြောကြားခဲ့သည်။
National Geospatial ထောက်လှမ်းရေးအေဂျင်စီမှ ဓါတ်ပုံဆိုင်ရာ လေ့လာသူဟောင်း Renny Babiarz က ဂြိုဟ်တုဓါတ်ပုံများအရ သုံးမိုင်ကျယ်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ဝိုက်တွင် မြေအောက်ဥမင်လိုဏ်ခေါင်းများဖြင့် ချိတ်ဆက်ထားသော မြေအောက်အဆောက်အအုံများကို ဆောက်လုပ်ရာတွင် အထောက်အကူဖြစ်စေသော ကရိန်းအစင်း ၁၀၀ ခန့်တွေ့ရှိရသည်ဟု မှတ်ချက်ပြုခဲ့သည်။
တရုတ်တွင် မြေဈေးကွက်အကျပ်အတည်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အများစု ရပ်နားထားရချိန်တွင် ယင်းနယ်မြေ၌ ပျားပန်းခတ်အလုပ်များနေခြင်းသည် ဆန့်ကျင်ဘက်ဖြစ်နေသည်။
တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်လုပ်ဆောင်နေသော်လည်း တရုတ်ဝက်ဘ်ဆိုက်များတွင်မူ တရားဝင်ဖော်ပြခြင်း မရှိပေ။
လုပ်ငန်းခွင်ရှိရာသို့ ဝင်ရောက်ခွင့်ကို တင်းတင်းကျပ်ကျပ်တားမြစ်ထားရာ စီမံကိန်းတွင် စစ်ဘက်ဆိုင်ရာနှင့် ပတ်သက်၍ သိသာမြင်သာသော ပုံစံအခြင်းအရာများ မတွေ့ရပေ။
လုပ်ငန်းခွင်အပြင်ဘက်တွင် ဒရုန်းများကို ပျံသန်းခွင့်မပြုကြောင်းနှင့် ဓါတ်ပုံရိုက်ခွင့်မပြုကြောင်း ဆိုင်းဘုတ်များဖြင့် သတိပေးထားသည်။ လုပ်ငန်းခွင်နောက်ကျောဘက်တွင် စစ်ဆေးရေးဂိတ်တစ်ခု ချထားပြီး အနီးရှိ လူကြိုက်များသော တောင်တက်လမ်းကို အသုံးပြုခြင်းကို တားမြစ်ထားသည်ဟု ဆိုသည်။
အဆိုပါအခြေစိုက်စခန်းအသစ်သည် နျူကလီးယားတိုက်ခိုက်မှုမှ အကာအကွယ်ယူရန် ကြိုးပမ်းနေသည့် တရုတ်အရာရှိများအတွက် လုံခြုံသောဘန်ကာတစ်ခုအဖြစ် ထမ်းဆောင်ပေးနိုင်သည်ဟု အမေရိကန်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက သုံးသပ်ခဲ့သည်။
Ref ; internet