Paramotor စက်တပ်လေထီး
အညာဒေသရဲ့ ညဥ့်နက်ချိန် မြူနှင်းများဝေနေတဲ့ရာသီမှာ သုံးပေလောက်အကွာကိုမြင်နိုင်ဖို့က ဝိုးတဝါးအခြေအနေပါ။ ဒီအချိန်မှာ ကျယ်လောင်တဲ့ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာတယ်။ နေအိမ်သွပ်မိုးတွေက လေမှာပျံဝဲသွားပြီး လူတစ်ယောက်စ နှစ်ယောက်စကတော့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးကုန်ပါတယ်။
ဘေးပတ်ဝန်းကျင်မှာအပျက်အစီးအချို့၊ လူတွေက ရုတ်ရုတ်နဲ့ဘေးလွတ်ရာပြေးထွက်နေကြတယ်။ ကိုထက်(အမည်လွှဲ)တစ်ယောက် တပြိုင်နက်ထဲမှာပဲ ကောင်းကင်ပြင်ပေါ်မော့ကြည့်လိုက်ချိန်မှာပဲ ရိပ်ခနဲဖြတ်ပြီး ပျံသန်းသွားတာကိုမြင်ရပေမယ့် သေချာတာကတော့ လေယာဉ်ပျံမဟုတ်ပါဘူး။
"အစကလေယာဥ်ပေါ်ကကြဲတာထင်တာ ညဆိုတော့အပေါ်ကိုမမြင်ရဘူး။ နောက်တရက်ညနေပိုင်းလာမှ သိလိုက်ရတာ လေထီးတွေဖြစ်နေတယ်"လို့ကိုထက်ကဆိုပါတယ်။
ဒါကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာမှာ လေထီးများ ပျံသန်းလာကာ ဗုံးတွေကြဲသွားတယ့် ဖြစ်စဥ်ပါ။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ဟာ စက် တပ်လေထီးတွေနဲ့ တိုက်ခိုက်မှုကို မကြာခဏ ကြုံတွေ့ရတဲ့မြို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလနဲ့ ဇန်နဝါရီလနှစ်လအတွင်းမှာ လေထီးနဲ့တိုက်ခိုက်မှု ၁၀ ကြိမ်အထက်ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
"အစက လေယာဥ်ပေါ်ကချပေးတဲ့ လေထီးထင်နေတာ အဲ့ဒီလိုမဟုတ်ဘူး သူတို့က လူ နှစ်ယောက်လောက်စီးလို့ရတဲ့ပုံစံမျိုး။ လေထီးနဲ့ဗုံးသီးနဲ့လွှတ်လိုက်ပြီး အချိန်နာရီနဲ့သွားနေတာ(လေထီးမောင်းနှင်တဲ့အချိန်အကန့်အသတ်နဲ့)။ မြို့နယ်ကိုပတ်သွားတာ တော်တော်ကြာတယ် နှစ်နာရီ၊ သုံးနာရီလောက်ကြာတယ်။ သူတို့လိုချင်တဲ့နေရာရောက်ရင် လေထီးတပ်သားတွေက ပါလာတဲ့ဗုံးကို လွှတ်ချတာ။အမြင့်ပေ ထောင်ချီပျံကြတယ်"လို့ကိုထက်က သူနားလည်သလို ပြောပါတယ်။
ဒီလိုစက်တပ်လေထီးတွေကို တချို့က ပါရာမိုတာ (paramotor) လို့လဲ ခေါ်ကြပါတယ်။
ဒေသခံတွေရဲ့အဆိုအရ တောင်သာမြို့နယ်သာမက မြင်းခြံ၊ နွားထိုးကြီး၊ ငါးဇွန်နဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းက စစ်ကိုင်းမြို့တွေကို စက်တပ်လေထီးတွေနဲ့ ဗုံးကြဲလာတာတွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီဒေသတွေမှာ ပြီးခဲ့တဲ့နိုဝင်ဘာ၊ ဒီဇင်ဘာလကစလို့ အခုဇန်နဝါရီလအထိ အဲ့ဒီ အင်ဂျင်တပ်လေထီးတွေနဲ့ ဗုံးကြဲတာတွေကို စစ်တပ်က ခပ်စိပ်စိပ် အသုံးပြုလာတာပါ။
စစ်တပ် စက်တပ်လေထီးတွေဟာပစ်မှတ်ထားတဲ့မြို့နယ်ကိုဝင်လာချိန် အနိမ့်ပျံသန်းလာပြီး ပစ်မှတ်နဲ့နီးလာချိန်မှာတော့ လက်နက်ငယ်ကျည်လွတ်ရာ အမြင့်ပေ ၁၀၀၀ နဲ့ချီအထက်ကို ပျံတက်သွားလေ့ရှိပါတယ်။
ပါဝါဂလိုက်ဒါတွေနဲ့ပတ်သတ်ပြီး စမ်းသပ်မှုတွေကို ပြီးခဲ့တဲ့၂၀၂၄ ဧပြီလကတည်းက မိတ္တီလာလေတပ်မှာ လေ့ကျင့်ရေးပုံစံလုပ်ဆောင်ခဲ့ပြီးသူ့ရဲ့ပျံသန်းနိုင်ချိန်က တစ်နာရီခန့်ရှိပါတယ်။
ကင်းထောက်တာတွေ၊ ကောင်းကင်ဓါတ်ပုံတွေ၊ ဗုံးတွေပစ်ချတဲ့အခါမျိူးတွေမှာ အသုံးပြုတာဖြစ်ပြီး
အမြောက်မော်တာတွေမှာသုံးတဲ့ ဗုံးသီးတွေအသုံးပြုနိုင်တာကြောင့် လေယာဥ်လောက်အပျက်အစီးမရှိပေမယ့် လူသေစေနိုင်နဲ့အထိ အန္တရာယ်ကြီးလှပါတယ်။
စက်တပ်လေထီးတွေမှာ အားသာချက်အနေနဲ့လေယာဉ်တွေလိုကောင်းကင်ကပျံလာတယ့် မြင်ကွင်းကို မြေပြင်ကနေ အလွယ်တကူ မြင်ရဖို့ခဲယဥ်းပါတယ်။
ယခုဆို ညဘက်တွေမှာပိုလှုပ်ရှားလာကြပြီး သတင်းရထားရာနေရာများကို အတိကျဆုံး ဗုံးသီးများ ချကြပါတယ်။
crd#privatephoehtaung