ကချင်၊ လီဆူ၊ နာဂ တိုင်းရင်းသားလူမျိုး သုံးရာကျော် ဗုဒ္ဓအဆုံးအမခံယူပွဲ တက်ရောက်
တနိုင်း၊ ဖေဖော်ဝါရီ ၁၅
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ကချင်၊ လီဆူ၊ နာဂ တိုင်းရင်းသားလူမျိုးသုံးရာကျော်တို့သည် ဗုဒ္ဓအဆုံးအမခံယူပွဲသို့ တက်ရောက်ခဲ့ကြောင်း ဇေယျသီရိ ကျောင်းထိုင်ဆရာတော်ထံမှ မိန့်ကြားသည်။
" ကိုယ့်ဘာသာထဲကို ကူးပြောင်းလာကြတာ ဟုတ်ပါတယ်။ အရင်ကလည်း ကူးပြောင်းလာကြတာတွေ ရှိပါတယ်။ ကိုယ့်ဘာသာဝင်တွေ တိုးပွားလာတယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရတယ် " ဟု ဆရာတော် ဦးတေဇနိယက မိန့်တော်မူသည်။
အဆိုပါ ဗုဒ္ဓအဆုံးအမခံယူပွဲအား တနိုင်းမြို့ ထေရဝါဒတောင်တန်းသာသနာပြု ဗဟိုကျောင်းတွင် ဖေဖော်ဝါရီလ(၉) ရက်နေ့၊ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားသို့ ကချင်၊ နာဂ၊ လီဆူအိမ်ထောင်စု (၁၁၂) စု၊ ကျား ၁၃၆ ဦး၊ မ (၁၆၈) ဦး၊ စုစုပေါင်း(၃၀၄) ဦးတို့သည် ဗုဒ္ဓအဆုံးအမခံယူပွဲသို့တက်ရောက်ကူးပြောင်းခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားများဖြစ်ကြသည့် ကချင်၊ နာဂ၊ လီဆူ ခရစ္စယာန်ဘာသာဝင်များအနေဖြင့် ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာခဲ့ကြသည့်အပေါ် ဆရာတော်မှ ယခုကဲ့သို့ ထည့်သွင်းဩဝါဒ မိန့်ကြားခဲ့သည်။
" ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ယုံကြည်ရင် ဘုရားတာဝန်ယူတာက (၂) ချက်ပဲ။ အပယ်လွတ်ရေးနဲ့ နိဗ္ဗာန်ရောက်ရေးပဲ။ ဩကာသကန့်တော့ချိုးလိုပဲ ကိုးကွယ်ယုံကြည်ရင် အပယ်လွန်မယ်။ ဘုရားလမ်းညွန်ချက်အတိုင်း လိုက်နာကျင့်သုံးရင် နိဗ္ဗန်ရောက်မယ် " ဟု ဩဝါဒမိန့်ကြားခဲ့သည်။
ခရစ္စယာန်ဘာသာဝင်များ ဖြစ်ကြသည့် ကချင်၊ လီဆူ၊ နာဂ တိုင်းရင်းသားလူမျိုးတို့သည့် ဗုဒ္ဓဘာသာသို့ ယခု တစ်ကြိမ်မှ မဟုတ်ပဲ ယခင်ကာလတုန်းကလည်း မိသားစုအလိုက် ကူးပြောင်းလာခြင်းများရှိခဲ့ကြောင်းသိရသည်။
မြတ်မင်း
#People@peoplemedianews