မေတ္တာ၏ ဥပမာများ....
မေတ္တာထားနိုင်တဲ့သူရဲ့ စိတ်ဟာ ဘယ်လို စကားတွေကိုပဲဖြစ်ဖြစ် မတုန်လှုပ်စေနိုင်တော့ဘူးတဲ့။
မြတ်စွာဘုရားက ဥပမာ ဟောထားတယ်။ တူရွင်းကြီးကို ယူပြီးတော့ ဟောဒီ မဟာပထဝီ မြေကြီးတွေကို ကုန်အောင်တူးလို့မရသလို မြေကြီးကို ပျောက်ကွယ်သွားအောင် မလုပ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြေကြီးဆိုတာ အင်မတန်ကျယ်ပြန့်လို့ပါပဲ။
အဲဒီလိုပဲတဲ့။ အခုနက မေတ္တာပွားထားသူ မြေကြီးလို ကြံ့ခိုင်တဲ့မေတ္တာဓာတ်ရှိတဲ့ ပုဂ္ဂိုလ်ကို ဘယ်လိုစကားမျိုးတွေပဲ လာပြောပြော တုန်လှုပ်မှု မရှိတော့ဘူး။
နောက်ဥပမာတစ်ခုက လူတစ်ယောက်က မြစ်ကြီးကို မီးနဲ့ရှို့မယ် ဆိုပြီး တော့ မီးတုတ်ကြီးနဲ့ လာတယ်။ ဒါပေမယ့် မြစ်ကြီးက ပူလာပါ့မလား။ မပူလာနိုင် ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ကြီးထဲမှာ ရေတွေအများကြီး သူယူလာတဲ့ မီးတုတ်က သေးသေးလေးမို့လို့ပါပဲ။ အဲဒီလိုပဲတဲ့ မေတ္တာပွားများတဲ့ လူတစ်ယောက်ကို ဘယ်လို စကားမီးတုတ်တွေနဲ့ပဲဖြစ်ဖြစ် လာပြီးရှို့လို့ကတော့ သူ့ရဲ့စိတ်ဟာ မလောင်ပါဘူး။
နောက်တစ်ခု ဥပမာ ပေးထားတာကတော့ ပန်းချီဆရာတစ်ယောက်က စုတ်တံနဲ့ ဆေးယူလာပြီးတော့ ကောင်းကင်က လေဟာနယ်ထဲမှာ ဆေးခြယ်ရင် သူရေးတဲ့အရုပ်ဟာ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ အာကာသဆိုတဲ့ လေဟာပြင်ကို ဆေးခြယ်လို့မရသလိုပါပဲ။
မေတ္တာဓာတ်တွေ ပြည့်နေတဲ့သူရဲ့စိတ်မှာ ဒေါသရုပ်တွေ လာရေးလို့ မရပါဘူး။ ဘယ်တော့မှ ဒေါသနဲ့တုန့်ပြန်မှာမဟုတ်ပါဘူး။ တကယ်လို့ ဒေါသနဲ့ တုန့်ပြန်မယ်ဆိုရင် အရုပ်ဆိုးအကျည်းတန်တဲ့ အရုပ်တွေ ပေါ်လာမှာ ဖြစ်တယ်။ ဒေါသဖြစ်လာရင် အရုပ်ဆိုးသွားတာပဲ။ နည်းနည်းဆိုးလာတာတောင် မျက်နှာကြောတင်းသွားတယ်။ ပြုံးနေတဲ့မျက်နှာ မရှိတော့ဘူး။ ဒီထက်ဆိုးလာရင် မျက်ထောင့်နီလာမယ်။ ဒီထက်ဆိုးလာရင် နှုတ်ခမ်းက တလှုပ်လှုပ်ဖြစ်လာမယ်။ ဒီထက်ဆိုးလာရင် လက်ကရိုက်နှက်မိလာမယ်။ အဲဒီစိတ်မှာ အရုပ်ရေးလို့ ပေါ်လာ တဲ့ အရုပ်တွေပေါ့။ ။
အေး-မေတ္တာနှလုံးသားပိုင်ရှင်ကတော့ အာကာသ (Space) လို့ ခေါ်တဲ့ လေဟာနယ်မှာ အရုပ်ရေးလို့မထင်သလို သူ့ရဲ့ စိတ်မှာ ဘာအရုပ်မှမပေါ်ပါဘူး တဲ့။
အဲဒီလို အာကာသမှာ ဆေးလာခြယ်လို့ အရုပ်မထင်သလို မိမိရဲ့ စိတ်မှာလည်း ဒေါသရုပ်တွေ မထင်ရအောင်လို့ မေတ္တာကို ပွားများပါတဲ့။
အဲဒီလို ဥပမာတွေနဲ့ ဟောပြီးတော့ မြတ်စွာဘုရားက “နှစ်ဖက်အရိုးတပ် ထားတဲ့လွှနဲ့ ရန်သူတွေက ကိုယ့်ကို တိုက်ဖျက်မယ်ရင်တောင် စိတ်ဖောက်ပြန် မပြောင်းလဲပါစေနဲ့။ စိတ်ဖောက်ပြန်ပြောင်းလဲသွားမယ်၊ ဒေါသထွက်သွားမယ် ဆိုရင် မင်းငါ့ရဲ့ အဆုံးအမကို လိုက်နာရာမရောက်ဘူး” တဲ့။
ကြားဖူးကြတယ်မဟုတ်လား။ Jesus Christ က ဟောတာလေ။ ဘယ်ဘက် ပါးကို လာရိုက်ရင် နောက်ပါးတစ်ဖက်ကို ထိုးပေးလိုက်ပါ။ ပါးတစ်ဖက်ကိုလာချရင် နောက်ပါးတစ်ဖက်ကို ထိုးပေးလိုက်ပါတဲ့။ မတုံ့ပြန်နဲ့။ အဲဒါကို လူတွေက အတုခိုးပြီး ပြောနေကြတယ်။
မြတ်စွာဘုရားက ကကစူပမသုတ်မှာ ရန်သူက ကိုယ့်ကို လွှနဲ့တိုက်နေ ရင်တောင်မှ မတုံ့ပြန်နဲ့တဲ့။ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ဘယ်လောက်အထိ ခက်ခဲမလဲဆိုတာကို ကြည့်ပါ။ အဲဒီလောက်အထိ ခက်ခဲတဲ့အရာကို ဗုဒ္ဓရဲ့ မေတ္တာနဲ့အသုံးချကြည့်လိုက်မယ်ဆိုရင် လွယ်ကူသွားတာကို တွေ့နိုင်တယ်။ တကယ့်မေတ္တာ ပေါက်ပေါက်ရောက်ရောက်နဲ့ အောင်မြင်သွားပြီဆိုရင် ဒီအခက်အခဲတွေဟာ တကယ်အောင်မြင်တယ်။ မြတ်စွာဘုရားက မဖြစ်နိုင်တာကို မဟောဘူး။
(ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ