အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ဖေဖော်ဝါရီ လ ၁၂ ရက် နေ့မှ ၁၃ ရက် နေ့ အထိ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ကာ သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပရေးရာ အတွင်းဝန် ဗစ်ခရမ် မစ္စရီက ပြောကြားသည်။
မစ္စတာ ထရမ့်ပ်၏ ဖိတ်ကြားချက်အရ ခရီးစဉ်ကို စီစဉ်ခြင်းဖြစ်ကာ သူ၏ အိမ်ဖြူတော် ဒုတိယ အကြိမ် သမ္မတသက်တမ်းစတင်ပြီး သီတင်းပတ်မျှအကြာတွင် စီစဉ်ခဲ့ခြင်းဖြစ်သည်။ မစ္စတာ ထရမ့်ပ်၏ လူဝင်မှုကြီးကြပ်ရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဝါရှင်တန်က ပြည်နှင်ဒဏ်ပေးခဲ့သော အိန္ဒိယရွှေ့ပြောင်းနေထိုင်သူ ၁၀၄ ဦးအပေါ် ပြုမူခဲ့ပုံနှင့် ပတ်သက်၍ မစ္စတာမိုဒီအစိုးရအပေါ် ဝေဖန်မှုများရင်ဆိုင်နေရချိန်တွင် ယခုခရီးစဉ် ဖြစ်လာခြင်းလည်းဖြစ်သည်။
“မစ္စတာ မိုဒီက ဝါရှင်တန်ကို မသွားခင် ဖေဖော်ဝါရီလ ၁၀ ရက် နေ့ကနေ ၁၂ ရက် နေ့အထိ ပြင်သစ်ကို သွားမှာပါ” ဟု မစ္စတာမစ္စရီက ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။
မစ္စတာ ထရမ့်ပ်သည် ဇန်နဝါရီ ၂၇ ရက်နေ့က မစ္စတာ မိုဒီနှင့် ဖုန်းပြောဆိုခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့သကဲ့သို့ အမေရိကန်လုပ် လုံခြုံရေး ပစ္စည်းကိရိယာများကို အိန္ဒိယက ပိုမိုဝယ်ယူရေးနှင့် မျှတသော နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေး၏ အရေးပါမှုတို့ကို အလေးပေး ပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦးသည် မကြာမီတွင် တွေ့ဆုံကြမည့်အရေးကိုလည်း ဆွေးနွေးခဲ့ကြောင်းနှင့် ယခုခရီစဉ်သည် ယင်း ကတိကဝတ်အရ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း မစ္စတာ မစ္စရီက သတင်းထောက်များကို ပြောကြားသည်။ မစ္စတာ မိုဒီ၏ ခရီးစဉ်သည် အလွန်အရေးကြီးသော မိတ်ဖက်ဆက်ဆံရေးအတွက် နောက်ထပ် ဦးတည်ချက်နှင့် တွန်းအားများပေးလိမ့်မည်ဖြစ်ကြောင်းလည်း မစ္စတာ မစ္စရီက သတင်းထောက်များကို ပြောကြားသွားသည်။
Ref: သည်စထရိတ်တိုင်းမ်စ်