Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
ပိုင်စိုး avatar
ပိုင်စိုး
ပိုင်စိုး avatar
ပိုင်စိုး
23.04.202504:27
လူငယ်နဲ့စနစ်
--------------------
(၂၃-၄-၂၀၂၅)

တနေ့ကတင်ထားတဲ့ ပဲခူးတိုင်းထဲက သုံးဘီးဆိုင်ကယ်မောင်သူကို လူသတ်လုယက်မှုနဲ့ စပ်လျဉ်းပြီး ဒီနေ့ မြန်မာ့လူငယ်တွေအကြောင်းကို စဉ်းစားမိတယ်။ အသတ်ခံရသူက အသက် ၆၂ နှစ်အရွယ်၊ သတ်တဲ့ လူတွေက အသက် ၂၀ နဲ့ ၁၆ နှစ်အရွယ် လူငယ်နှစ်ယောက်။ ပဲခူးမှာ အဲ့လိုအမှုတွေ အများကြီးပဲ။ ဆိုင်ကယ်ကယ်ရီငှားတယ်၊ လူရှင်းတဲ့နေရာ ဓားထောက်ပြီး ဆိုင်ကယ်ယူသွားတယ်။

ပြီးခဲ့တဲ့လတွေတုန်းကလည်း ကလေး (၂) ယောက်ကို ဆယ်ကျော်သက်အရွယ်တွေ ခဲနဲ့ထုသတ်ကြတာ မှတ်မိကြဦးမှာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ မျိုးဆက်သူလူငယ်တွေ ဘာမှားနေကြသလဲ။ လူတစ်ယောက်ကို သတ်ဖို့ ဖြတ်ဖို့အထိ ရက်စက်တဲ့စိတ်တွေ ဒီအရွယ်လေးတွေရဲ့ရင်ထဲ ဘယ်လိုများရောက်ကုန်ကြသလဲ။

ဒီမေးခွန်းကို မေးရင် ကိုယ်နဲ့အမြင်မကြည်ရာ အဖွဲ့အစည်းအသီးသီးကို လက်ညှိုးထိုးကြမှာ မလွဲပါဘူး။ တကယ်တော့ ကျွန်တော်တို့တစ်ဦးတစ်ယောက်ချင်းစီကိုယ်တိုင်က စောင့်ထိမ်းရမယ့်ဝတ္တရားတွေ၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပျက်ကွက်ခဲ့ကြတာပါ။

အခြေခံလေး တစ်ခုကနေ စပြောကြပါစို့။ ဂျပန်၊ ရုရှား၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာ မည်သည့်စတိုးဆိုင်မဆို (လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြား) ၁၈ နှစ်အောက် ကလေးတွေကို ဆေးလိပ်၊ အရက် လုံးဝမရောင်းပေးပါဘူး။ ဆေးလိပ်အရက်လာဝယ်သူက အသက်ငယ်တဲ့ပုံပေါက်ရင် နိုင်ငံခြားသားကအစ passport ပြရပါတယ်။ ဒါဟာ နိုင်ငံရဲ့ ဥပဒေကြောင့်ဆိုတာလည်း ပါသလို နိုင်ငံသားတွေရဲ့ တစ်ဦးချင်းအတွေးအခေါ်တွေကြောင့်လည်း ပါပါတယ်။

ကိုယ့်နိုင်ငံက လူငယ်တွေကျတော့ ဆေးလိပ်၊ အရက်ဆိုတာမျိုးကို မိဘတွေကိုယ်တိုင်က ဝယ်ခိုင်းတတ်ကြသလို အိမ်ဆိုင်ကနေစူပါမားကတ်တွေအထိ အသက်မပြည့်လို့ မရောင်းပေးပါဘူးဆိုတာမျိုး မရှိဘူး။ အယုတ်အလတ်အမြတ်မရွေး အကုန်ရောင်းပါတယ်။ ဆေးလိပ်ဘူးတွေမှာ အရက်ပုလင်းတွေမှာ ၁၈ နှစ်အောက်မရောင်းရလို့ စာကပ်ထားယုံနဲ့ ဥပဒေတစ်ခု ဖြစ်မလာသလို လူငယ်တွေမို့ မရောင်းရဘူးဆိုတဲ့ အသိလည်း မရှိကြပါဘူး။

နောက်တစ်ခုကတော့ လောကနီတိလို့ခေါ်တဲ့ လူ့အသိုင်းအဝိုင်းမှာ နေထိုင်ကျင့်ကြံရမယ့် ကျင့်ဝတ်တွေကို လေ့ကျင့်ပေးဖို့ အားနည်းတာပါ။ လူငယ်ဆိုတာက အတုမြင် အတတ်သင်လေ့ရှိကြတယ်။ အထူးသဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူလတ်ပိုင်းတွေကို အတုယူပြီး လိုက်လံတုပလေ့ရှိပါတယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့ လူမှုပတ်ဝန်းကျင်က ကလေးတွေဟာ အလိုလို ဘာသာရေးကိုင်းရှိုင်းလာတတ်ကြပြီး ရိုင်းရိုင်းစိုင်းစိုင်းပတ်ဝန်းကျင်မှာ ကြီးပြင်းလာကြတဲ့ ကလေးတွေကတော့ ဘယ်သူမှ သင်စရာမလိုပဲ လူအရိုင်းတစ်ပိုင်းလေးတွေဖြစ်လာတတ်ကြတယ်။

ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေမှာ ကလေးတွေအတွက် မူလတန်းကနေစပြီး ကားပေါ်မှာ၊ ရထားပေါ်မှာ ဘယ်လိုပြုမူရမယ်၊ အသက်ကြီးသူတွေကို ဘယ်လိုဆက်ဆံရမယ်၊ ကိုယ်ဝန်ဆောင်တွေနဲ့ ဒုက္ခိတတွေကို ဘယ်လိုကူညီရမလဲ စသဖြင့် လေ့ကျင့်ပေးနေချိန်မှာ ကျွန်တော်တို့နိုင်ငံကတော့ သေနတ်ပစ်နည်း သင်ပေးနေကြတယ်။ ခါးပိုက်နှိုက်နည်း သင်ပေးနေတယ်။ ဓါးပြတိုက်နည်း သင်ပေးနေတယ်။

ဂျပန်မှာ ကလေးတိုင်း ကျောင်းနေရဖို့၊ ကျောင်းတိုင်းမှာ ထမင်းချိုင့်မယူရပဲ နေ့လည်စာကို ကိုယ့်တာဝန်ကိုယ်ယူပြီး စားသောက်တတ်စေဖို့၊ လောကနီတိတွေ သင်ပေးဖို့စသဖြင့် အစိုးရက စနစ်တွေ တည်ဆောက်ပေးထားသလို ပြည်သူတွေကလည်း ကိုယ့်မျိုးဆက်သစ်တွေအပေါ် စေတနာအပြည့်ထားပြီး စနစ်တွေကို လိုက်အကောင်အထည်ဖော်ပေးကြတယ်။ စနစ်နဲ့ စေတနာ ပေါင်းလိုက်တဲ့အခါမှာ ကျွန်တော်တို့ လိုက်မမှီတဲ့ ဂျန်နရေးရှင်းတွေ ဖြစ်လာကြတာပါပဲ။

ဆရာ၊ ဆရာမတို့ လက်ထဲ ကျွန်မသားသမီးကို အပ်ပါတယ်၊ ရိုက်သာရိုက်ပါဆိုတဲ့ ခေတ်ကနေ ကိုယ့်သားသမီး ထိရဲရင် ထိကြည့်၊ ဆရာလည်း မကျန်ဘူး၊ မီးပွင့်သွားမယ်ဆိုတဲ့ ခေတ်ကို ရောက်လာတာဟာ ကောင်း၏၊ မကောင်း၏လို့ မဆိုလိုချင်ပေမယ့် လောကနီတိလောက်ကတော့ ကိုယ်တိုင်သင်ကြားပေးဖို့ တာဝန်ရှိပါတယ်။

အချုပ်ဆိုရမယ်ဆိုရင် ကိုယ့်မျိုးဆက်သစ်တွေအတွက် အစိုးရရဲ့ စနစ်တွေတွေလိုအပ်သလို မိဘတွေရဲ့ အုပ်ထိန်းမှုလည်း လိုပါတယ်။ အထူးသဖြင့် ၁၈ နှစ်အောက်အရွယ်တွေကို ဖုန်းနဲ့ ဆိုရှယ်မီဒီယာ ကန့်သတ်မှုတွေ အများကြီးလိုအပ်ပါတယ်။ ဒါဟာ ကလေးသူငယ်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာမဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ ကျင့်သုံးနေတဲ့ ဥပဒေပါ။ သူများနိုင်ငံတွေက ဖုန်းတစ်လုံးသုံးဖို့တောင် ၁၈ နှစ်မပြည့်ရင် ထိန်းချုပ်နေကြပေမယ့် ကိုယ့်နိုင်ငံမှာတော့ ငါးနှစ်နဲ့ သေနတ်ပစ်နည်းသင်ပေးနေကြတာဟာ ရင်လေးစရာပါပဲ။

(ပိုင်စိုး)

Facebook တွင်ဖတ်ရန်
https://www.facebook.com/permalink.php?story_fbid=pfbid0rNvtJDx5Th3zttNieoN9GrpjC2QcXRsHiML7X73YcSzTqbjczETXV7UE5EwotApCl&id=61573845303977
အပစ်အခတ်ရပ်စဲရေး နောက်ဆက်တွဲ (ပိုင်စိုး)
နိုင်ငံရေးဆိုတာ

PDF တွေရဲ့အသက်တွေအများကြီးစတေး၊ ပြည်သူ့အိုးအိမ်တွေအများကြီးဆုံးရှုံးခဲ့ရတဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲဟာ ဗျူဟာတစ်ချက်အလှည့်မှာ ကျည်တစ်တောင့်မဖောက်ရပဲ ပြန်ပေးလိုက်ရတယ်။ ဖြေကြပါဦး။
ဘယ်သူနိုင်‌သလဲလို့။
(ပိုင်စိုး)
15.04.202504:21
မုသားတွေ သင်္ကြန်ရေနဲ့မျောစေ
------------------------------
(၁၅-၄-၂၀၂၅)

ဒီရက်ပိုင်း ဆိုရှယ်မီဒီယာတွေမှာ ကွန်မန့်တွေဖတ်ပြီး နှစ်ထောင်းအားရဖြစ်နေမိတာ ကိုယ်တစ်ယောက်ပဲလားတော့ မသိဘူး။ ဘာလို့လိဆိုတော့ ဧရာဝတီတို့၊ မဇ္ဇိမတို့ သတင်းတွေအောက်မှာဖြစ်ဖြစ် Tiktok က တော်လှန်ရေးပို့စ်တွေအောက်မှာဖြစ်ဖြစ် အရင်လို တစ်ဖက်တည်းထောက်ခံအားပေးတဲ့ ကွန်မန့်တွေ မကြီးစိုးတော့ပဲ ဖြစ်သင့်ဖြစ်ထိုက်တာ အမြင်မတော်တာတွေကို ဝင်မန့်တဲ့ကွန်မန့်တွေ များလာလို့ပါ။

အရင်ကဆို ကွန်မန့်ဆက်ရှင်ဆိုတာ NUG/PDF/EAO ထောက်ခံသူတွေရဲ့ကွန်မန့် တွေကိုသာ တွေ့ရလေ့ရှိပြီး ကြားနေပြည်သူတွေဖြစ်စေ တပ်ထောက်ခံသူတွေဖြစ်စေ ဝင်မရေးရဲလောက်အောင် ဆိုရှယ်မီဒီယာကို ကြီးစိုးခဲ့ပါတယ်။ သူတို့နဲ့ အမြင်ချင်းမတူတဲ့ ကွန်မန့်ဆိုတာနဲ့ အုံလိုက်ကျင်းလိုက် ဝင်ဆဲကြတော့ တော်ရုံလူတွေက အကုသိုလ်ယူပြီး ဝင်မရေးကြတော့ဘူး။

ဒီလိုမရေးကြတော့တဲ့အတွက် ကွန်မန့်ဝင်ဖတ်မိသူအပေါင်းဟာလည်း ဒီမီဒီယာတွေက ရေးသားထားတာသာ အမှန်ထင်သွားပြီး ဘာကြောင့်မို့ ဘာဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို မစီစစ်နိုင်ကြတော့ပါဘူး။

အခု ၂၀၂၅ ငလျင်ကြီးအပြီးမှာတော့ ကြားနေပြည်သူတွေဟာ ထိန်းချုပ်ထားရမှုတွေကို စိတ်ကုန်သွားကြပြီထင်ပါရဲ့။ တောပြောတောင်ပြော မီဒီယာတွေ/ တစ်တော့ဗီဒီယိုတွေ အောက်မှာ တပ်ထောက်ခံသူမဟုတ်တဲ့ အမြင်မတော်သူ ပြည်သူတွေရဲ့ ပြန်လည်ဝေဖန်တုန့်ပြန်မှုတွေ ကို မြင်လာရတယ်။

တကယ်ဆို မြန်မာတွေအသုံးအများဆုံး ဖေ့စ်ဘုတ်ရုံးက ငွေပေးပြီးခိုင်းထားတဲ့ မြန်မာဝန်ထမ်းတွေကြောင့် အခုလောက်ထိ ကိုယ်နိုင်ငံသွေးကွဲခဲ့ရတာလို့ ကိုယ်တွေကတော့ ယူဆတယ်။ အမှားအမှန်ထောက်ပြ၊ ဝင်ရေးသမျှအားလုံးကို ဖြုတ်ချ၊ ဖျက်ချနေတာကြောင့် ဝင်ပြောသူမရှိ၊ မုသာဝါဒတွေသာ ဖဘပလက်ဖောင်းမှာ မြင်နေခဲ့ရတယ်။

အခုတော့ ဒီသင်္ကြန်ရေနဲ့ မုသာဝါဒတွေ မျောစပြုလာပါပြီ။ မယုံရင် ဧရာဝတီ/မဇ္ဇိမ/ခေတ်သစ် မီဒီယာတွေ၊ PDF တွေရဲ့ Tiktok ဗီဒီယိုတွေအောက်က ကွန်မန့်တွေကို ဝင်ဖတ်ကြည့်ကြပါ။ပြည်သူတွေ မအ တော့တာမဟုတ်ပါဘူး။ ပြည်သူတွေ သတ္တိရှိလာတာပါ။ အမှန်ကို ပြောရဲလာကြတဲ့ သတ္တိပေါ့။

(ပိုင်စိုး)
နှစ်ဟောင်းက အညစ်အကြေးတွေကုန်လွန်ပါစေ၊ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ၊ မြန်မာပြည်ကြီး အေးချမ်းပါစေ
10.04.202509:06
တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဥပဒေ

စာတွေရေးနေတယ်ဆိုတာ ဒီလိုမျိုးတွေကို ကြိုမြင်လို့၊ ပြည်သူတွေအချင်းချင်းစည်းလုံးကြဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစားပေးတာပါ။ဒီပုံတွေဟာ လားရှိုးမှာ MNDAA က လူ ၅ ယောက်ကို သေဒဏ်ပေးတဲ့ပုံ‌တွေတဲ့။ လူမြင်ကွင်းမှာ ကွပ်မျက်ရအောင် ဘယ်ခေတ်ပြန်ရောက်သွားမှန်းမသိပါဘူး။

(ပိုင်စိုး)
လူငယ်နဲ့ စနစ် (ပိုင်စိုး)
21.04.202508:40
Degeneration ဒါမှမဟုတ် downfall of society

ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ လူငယ်တွေပါ။ သွက်လက်ထက်မြက်ပြီး ရေရှည်ကို တွေးခေါ်မျှော်မြင်တတ်တဲ့၊ အဆင့်မြင့်နည်းပညာတွေ တတ်ကျွမ်းတဲ့၊ လူကြီးတွေထက် ဖောက်ထွက်နိုင်စွမ်းနဲ့ သတ္တိရှိတဲ့ လူငယ်တွေကသာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါ။

နိုင်ငံတကာက ကလေးတွေ ပြိုင်ကြတဲ့ Junior genius ဆိုတဲ့ ပွဲကိုကြည့်ပြီး ကိုယ့်နိုင်ငံက ကလေးငယ်တွေကိုလည်း အဲ့လို ထွန်းပေါက်စေချင်ခဲ့တာ။ အခုတော့ သေနတ်ကိုင်လိုက် ဓားကိုင်လိုက်နဲ့ ဓားပြလေးတွေ ဖြစ်နေကြပြီ။

အဲ့လိုပြောရင်လည်း ဟိုစနစ် ဒီစနစ်ဆိုပြီး လက်ညှိုးထိုးကြဦးမယ်။ စနစ်ဆိုတာထက် လူတစ်ဉီးတစ်ယောက်ချင်းစီရဲ့ Mindset ကပိုပြီး အရေးကြီးပါတယ်။ အချိန်မီပါသေးတယ်။ ကိုယ့်အနီးအနားမှာ ရှိနေတဲ့ ကလေးတွေရဲ့ အတွေးအခေါ်ကို သေနတ်တွေ ဓားတွေမကြီးစိုးသွားပါစေနဲ့။ ကိုယ်နဲ့မဆိုင်သလိုလည်း မနေကြပါနဲ့။

(ပိုင်စိုး)
18.04.202504:35
ရခိုင့်အရေး၊ မြန်မာ့အရေး
--------------------
(၁၈-၄-၂၀၂၅)

ကဲ… မြန်မာ့သင်္ကြန်ကြီးလည်း ရိုးရာမပျက် အေးအေးချမ်းချမ်းပြီးသွားခဲ့ပြီ။ ပျော်ဖို့အတွက် မဏ္ဍပ်ကြီးတွေ မလိုပါဘူး။ မြို့အလိုက် သူ့ဟာနဲ့သူတော့ ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကားလေး ရှိကြတာတွေ့ရတယ်။ ကျောက်မြောင်းရခိုင် သင်္ကြန်ဆိုတာတွေ့ရတော့ သဘောကျပါတယ်။ ရခိုင်တို့ မွန်တို့က သင်္ကြန်ကို ကျန်တိုင်းရင်းသားတွေထက် ပိုကြိုက်ကြတယ်မှတ်လား။ ပျော်နေကြတာမြင်ရတော့ စိတ်ချမ်းသာတယ်။

စိတ်မကောင်းစရာက ပြည်မရောက်နေတဲ့ ရခိုင်တွေကလွဲလို့ ကျန်ရခိုင်ပြည်နယ်မှာတော့ အရင်လို သင်္ကြန်ကို ပျော်နိုင်မယ်မထင်ဘူး။ အရေးထဲ Legacy IAS Academy လို့ခေါ်တဲ့ အိန္ဒိယပုဂ္ဂလိကကျောင်းရဲ့ ဘင်္ဂလားစစ်တပ်ဟာ အမေရိကန်ရဲ့အထောက်အပံ့တွေနဲ့အတူ ရခိုင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့သွားမယ်ဆိုတဲ့ သတင်းကြောင့် အံ့ဩမိသွားတယ်။

လောလောဆယ် ဘယ်ကရမှန်းမသိတဲ့ သတင်းကို လက်ချာပုံစံလုပ်ထားတဲ့ ဗီဒီယိုဖိုင်ပါ။ ဘင်္ဂလားဒေ့ချ်တပ်မတော်က မြန်မာ့အစိုးရကို ဆန့်ကျင်ပြီး လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်တဲ့ နည်းပညာ၊ အထောက်အပံ့တွေ ပေးသွားမယ်ဆိုတဲ့ သတင်း။ ဒီသတင်းအမှန်ဆိုရင် အဲ့တာ ပြည်ပစစ် အတိအလင်းကြေငြာတာပဲပေါ့။

တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် ဘင်္ဂလားအစိုးရဟာ မြန်မာအစိုးရနဲ့ ဘင်းစတက်အစည်းအဝေးမှာလည်း တွေ့ဆုံခဲ့တယ်။ ငလျင်အတွက်လည်း အကူအညီအဖွဲ့တွေ စေလွှတ်ကူညီနေတာမို့လို့ ဒီသတင်းဟာ ဖွသတင်းသက်သက် ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် သတိဆိုတာပိုတယ်မရှိမို့လို့ ဘင်္ဂလားနယ်စပ်က ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ AA တို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေမှရမယ်။

AA က ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းနိုင်ရင်ပြီးသွားမယ်လို့ မထင်ကြနဲ့။ အဲ့ဒီအချိန်ကျမှ ဇာတ်လမ်းစမှာ။ သိန်းသန်းချီနေတဲ့ ဘင်တွေအတွက် နိုင်ငံတော်အသစ် ဖော်ဆောင်မယ့်လမ်းမှာ ရခိုင်တွေက အသုံးချခံဖြစ်သွားလိမ့်မယ်။

ကိုယ့်လူမျိုးအချင်းချင်း ညှိနှိုင်းလို့ရတယ်။ ပြည်တွင်းစစ်ကနေ ပြည်ပစစ်ဖြစ်သွားမယ်ဆိုရင် အဲ့ဒီနယ်မြေက ဖုန်ဆိုးမြေသာသာဖြစ်သွားရမှာ အားလုံးသတိချပ်စေချင်တယ်။

(ပိုင်စိုး)
မုသားတွေ သင်္ကြန်ရေနဲ့ မျောစေ (ပိုင်စိုး)
12.04.202513:49
မြန်မာတွေဟာ ကွန်မြူနစ်စနစ်နဲ့ပဲထိုက်တန်သလား
------------------
(၁၂-၄-၂၀၂၅)

လားရှိုးမှာ MNDAA က ပြစ်မှုကျူးလွန်သူတွေကို လူမြင်ကွင်းမှာ သေဒဏ်ပေးတာ အားလုံးလည်း သိပြီးကြပြီးဖြစ်မှာပါ။ သေဒဏ်ဆိုတာ နိုင်ငံတော်တော်များများရဲ့ ဥပဒေမှာ ရှိပါတယ်။ ဥပမာ ဒီလူတစ်ယောက်ကျူးလွန်ခဲ့တဲ့ပြစ်မှုဟာ အင်မတန်မှ ရက်စက်ယုတ်မာလို့ပဲဖြစ်စေ၊ အသက်ရှိနေရင် နောက်ထပ်ပြစ်မှုတွေ ကျူးလွန်နိုင်လို့ဖြစ်စေ၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ရင်ဖြစ်စေ သေဒဏ်ပေးလေ့ရှိကြပါတယ်။

သေဒဏ်ပေးတဲ့နေရာမှာတော့ ပုံမှန်အားဖြင့် ဆေးထိုး၍ဖြစ်စေ၊ လျှပ်စစ်ကုလားထိုင်ဖြစ်စေ၊ ကြိုးကွင်းစွပ်၍ဖြစ်စေ စီရင်လေ့ရှိကြပေမယ့် အများအားဖြင့်တော့ လူမမြင်ကွယ်ရာမှာသာ စီရင်လေ့ရှိကြပါတယ်။

ဒီထဲကမှ ပြည်သူတွေဆီ အကြောက်တရားဖြန့်လိုတဲ့နိုင်ငံတွေကတော့ လူမြင်ကွင်းမှာ စီရင်လေ့ရှိကြပါတယ်။ ဥပမာ တရုတ်နိုင်ငံဆိုရင် ၁၉၉၀ နှစ်တွေတုန်းက မူးယစ်ဆေးအမှု၊ လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ လူသတ်မှု၊ ဓားပြမှု စတာတွေကို လူမြင်ကွင်းမှာ သေဒဏ်ပေးလေ့ရှိပြီး ပြည်သူတွေကို နောက်မလုပ်ရဲအောင် အကြောက်တရားထည့်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ တရုတ်နိုင်ငံလည်း လူမြင်ကွင်းမှာ မစီရင်တော့ပါဘူး။

ဆော်ဒီ၊ မြောက်ကိုရီးယား၊ အီရန် နဲ့ ဆိုမာလီးယားတို့မှာလည်း ဒီလိုမျိုး လူမြင်ကွင်းမှာ စီရင်တာမျိုးရှိပါတယ်၊ ဆော်ဒီဆိုရင် လူ့ရှေ့သူ့ရှေ့ကို ခေါင်းဖြတ်စီရင်တာပါ။

ဒါပေမယ့် အဲ့လို စီရင်တဲ့နိုင်ငံတွေအကုန်လုံးဟာ ဒီမိုကရေစီနိုင်ငံတွေတော့ မဟုတ်ကြပါဘူး။ ဆောဒီဆိုရင် အခုထိ ဘုရင်အုပ်ချုပ်တဲ့နိုင်ငံပါ။ မြောက်ကိုရီးယား၊ တရုတ် ကွန်မြူနစ်ပါ။ အီရန်၊ ဆိုမာလီးယား ဘာသာရေးအခြေခံဥပဒေနိုင်ငံတွေပါ။

ဆိုတော့ အခု MNDAA တို့ EAO တွေရဲ့ လူမြင်ကွင်းမှာ သေနတ်နဲ့ပစ်သတ်တဲ့ ဥပဒေကို ကောင်းတယ်ဆိုပြီး ထောက်ခံနေကြတဲ့သူတွေကိုလည်း တွေ့ရတယ်။ ထားပါတော့ နိုင်ငံရဲ့ အခြေအနေကြောင့် တရားဥပဒေစိုးမိုးနိုင်မှု လျော့ကျနေတဲ့အချိန် ဒုစရိုက်မှုတွေ ပေါများနေတဲ့အတွက် ကောင်းတယ်လို့ ယူဆမိတာ လက်ခံပါတယ်။

ဒါပေမယ့် မေးချင်တာက တို့ပြည်သူတွေ တစ်ကယ် အဲ့လို အကြောက်တရားနဲ့ အယူခံခွင့်မရှိ လူမြင်ကွင်းမှာ သတ်ပြရလောက်အောင် ရက်စက်ကြမ်းကြုတ်တဲ့ ဥပဒေမျိုး လိုအပ်နေပြီလား။

ဒါဆို ဘာလို့များ ဒီမိုကရေစီအတွက်ဆိုပြီး တိုက်ပွဲဝင်နေကြသေးလဲ။ အာဏာရှင်တိုက်ထုတ်ရေးဆိုပြီး မြို့တွေအပျက်ခံပြီး နောက်ထပ်အာဏာရှင်တွေ လက်ထဲ ထပ်ထည့်ပေးနေကြတာလဲ။

၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်လိုက်ရတဲ့နိုင်ငံရေး၊ ၁၉၈၈ ပြီး စာဖတ်သူကြီးလက်ထက် အနှစ် ၂၀ လောက် နားအေးပါးအေးနေရတယ်။ အခုတော့ တစ်ကျော့ပြန်လာပြီ။ ကိုယ့်မြန်မာတွေ ဒီမိုကရေစီလိုချင်လို့ တိုက်ပွဲဝင်ကြတယ်မှတ်တာ။ ကွန်မြူနစ်စနစ်လိုချင်နေတာမှန်း မသိလိုက်ဘူး။

(ပိုင်စိုး)
10.04.202505:02
ကုန်သွယ်ရေးစစ်ပွဲရဲ့ ဒိုမီနို သက်ရောက်မှု
---------------
(၁၀-၄-၂၀၂၄)

မြန်မာ့အရေးနဲ့တင် တရားတွေပေါက်နေပြီမို့ ကမ္ဘာ့အရေးဘက် မလှည့်ဖြစ်ဘူး။ ဒီနေ့တော့ အမေရိကန်နဲ့ တရုတ်ရဲ့ ကုန်သွယ်စစ်ကြောင့် ဖြစ်လာတဲ့ ဒိုမီနိုသက်ရောက်မှုလေးတွေ အကြောင်း နည်းနည်းရေးဦးမယ်။ အမေရိကန်က တရုတ်သွင်းကုန်အပေါ် အခွန် ၁၂၅ ရာခိုင်နှုန်းတိုးမြှင့်လိုက်ပြီး တရုတ်ကလည်း အမေရိကန်ကို အခွန် ၈၄ ရာခိုင်နှုန်းနဲ့ပြန်တုန့်ပြန်လို့ အခုလောလောလတ်လတ်မှာ ကုန်သွယ်ရေးစစ်ပွဲစတင်ပြီလို့ ပြောလို့ရပါတယ်။

တရုတ်ကလည်း တရုတ်ပဲ။ ရှိသမျှ နိုင်ငံတိုင်းကို သူတို့ရဲ့ ဈေးချိုချို ကုန်ပစ္စည်းတွေနဲ့ လွှမ်းမိုးနိုင်အောင်ကြိုးစားနေတာ ၂၀၂၄ နှစ်စာရင်းတွေအရ ကမ္ဘာ့ ပို့ကုန်အများဆုံးနိုင်ငံဖြစ်တဲ့အပြင်၊ စီးပွားရေးထောင်တက်လာတာနဲ့အမျှ အမေရိကန်ရဲ့ ကမ္ဘာ့လွှမ်းမိုးနိုင်မှုပါဝါတွေကိုပါ တန်းတူယူလာနိုင်စွမ်းရှိလာခဲ့တယ်။

အမေရိကန်ကလည်း အမေရိကန်ပဲ။ စစ်ရေးအင်အား နိမ့်တဲ့နိုင်ငံတွေဆိုရင် စစ်ရေးအရ၊ စစ်ရေးအင်အားကြီးတဲ့ နိုင်ငံတွေဆိုရင် စီးပွားရေးအရ သူ့အောက် ဒူးထောက်စေဖို့ကိုပဲ ဦးတည်တိုက်ခိုက်တယ်။ ၂၁ ရာစုမှာ သူနဲ့ပြိုင်ဖက်ဖြစ်လာတဲ့ တရုတ်ကို ချိုးနှိမ့်ဖို့ နည်းလမ်းမျိုးစုံသုံးပြီး တိုက်ခိုက်ခဲ့တယ်။

နှစ်ဖက်လုံးကတော့ ဘယ်ဘက်ကမှ ကောင်းတာမဟုတ်ပေမယ့် ဒီတစ်ခေါက်မှာလည်း ထရမ့်မှားတယ်လို့ မြင်ရတယ်။ ဘာလို့လဲဆိုရင် တရုတ်တို့ ရုရှားတို့လို နိုင်ငံကြီးတွေကို အမေရိကန်က စီးပွားရေးပိတ်ဆို့မှုတွေ လုပ်တဲ့အခါ အရင်ရာစုနှစ်တွေလို အမေရိကန်အပေါ်အလျှော့ပေးလိုက်လျော တာမျိုးတွေ မလုပ်ကြတော့ပဲ အမေရိကန်ကို ဘေးဖယ်ပြီး နည်းလမ်းအသစ်တွေနဲ့ ရှင်သန်နိုင်အောင် ကြိုးစားလာကြတဲ့အတွက် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ အမေရိကန်ဘေးရောက်ဖို့အတွက်ပဲ ဖြစ်လာခဲ့လို့ပါ။

၂၀၁၈ ဟာဝေးကို တင်သွင်းခွင့်ပိတ်ပင်တုန်းက အစပိုင်းမှာ တရုတ်အနေနဲ့ ကုန်ကြမ်းဝယ်လို့မရတဲ့ပြဿနာရှိခဲ့ပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်ခဲ့ပြီး အခုဆို ကိုယ်ပိုင်နည်းပညာတွေ၊ ကုန်ကြမ်းပစ္စည်းတွေ ထုတ်လုပ်လာနိုင်ခဲ့တယ်။ ရုရှားကို ဆန်ရှင်တွေချတော့လည်း ရုရှားဟာ တရုတ်၊ အိန္ဒိယတို့နဲ့ပူးပေါင်းပြီး အမေရိကန်ဒေါ်လာကို အားမကိုးတဲ့ ငွေကြေးပေါ်လစီတွေ အကောင်အထည်ဖော်နိုင်ခဲ့တယ်။ အဲ့ဒီအပြင် ရုရှားထွက်ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေပြန်လည်ကန့်သတ်မှုကြောင့် အနောက်အုပ်စုတွေပဲ အထိနာခဲ့တယ်။

ပြောချင်တာက နိုင်ငံကြီးတွေဖြစ်တဲ့အလျှောက် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲတဲ့အခါ ကိုယ့်နိုင်ငံမနာရအောင် နည်းလမ်းပေါင်းစုံ ပြောင်းလဲကာကွယ်ကြတယ်။ အဲ့ဒီအခါမှာ သူတို့ကို အမှီသဟဲပြုနေရတဲ့ နိုင်ငံငယ်လေးတွေအပေါ် ဒိုမီနိုသက်ရောက်မှု ဖြစ်ကြရတယ်။

ဥပမာ တရုတ်ဟာ သူ့ရဲ့ ထုတ်ကုန်အများစုကို အမေရိကန်ကိုတင်ပို့နေခြင်းဖြစ်လို့ အမေရိကန်က အခွန်တိုးမြှင့်လိုက်တဲ့အခါ အမေရိကန်ကို မသွင်းတော့ပဲ အခြားနိုင်ငံတွေကို သွင်းရတော့မယ်။ ဒါမှမဟုတ်ရင်လည်း ထုတ်ကုန်တွေကို လျှော့ချရတော့မယ်။
တရုတ်ကုန်ပစ္စည်းတွေ နိုင်ငံငယ်လေးတွေဆီ အလုံးအရင်းဝင်လာတဲ့အခါ ပစ္စည်းကြောင့်သော်လည်းကောင်း၊ ဈေးကြောင့်သောလည်းကောင်း ဒေသတွင်းကုန်ပစ္စည်းတွေကို ကျော်တတ်သွားတဲ့အခါ ဒေသတွင်းမှာရှိတဲ့ ထုတ်ကုန်လုပ်ငန်းတွေ ပျက်စီးကြရမယ်။ ဒါမှမဟုတ် ထုတ်ကုန်လျှော့ချမယ်ဆိုရင်လည်း တရုတ်စက်ရုံတွေရှိနေတဲ့ နိုင်ငံငယ်လေးတွေရဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်လာကြရမယ်။

ဒီလိုပဲ အမေရိကန်အနေနဲ့လည်း သူတို့နိုင်ငံမှာ ဈေးပေါပေါနဲ့ ဝယ်လို့ရနေတဲ့ တရုတ်ကုန်ပစ္စည်းတွေမရှိတော့တဲ့အတွက် အခြားထုတ်ကုန်တွေကို ဈေးကြီးပေး ဝယ်ကြရတော့မယ်။ ဈေးမကြီးအောင် အခြားနိုင်ငံတွေရဲ့သွင်းကုန်တွေကို အခွန်မကောက်လို့လဲ မရဘူး။ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့စည်းမျဉ်းတွေနဲ့ ဖောက်ဖျက်တာဖြစ်တဲ့အတွက် တစ်ခြားနိုင်ငံတွေရဲ့ ယုံကြည်မှုလျော့နည်းပြီး တစ်ချိန်မှာ ဘေးကို ရောက်လာနိုင်တယ်။ ဒိုမီနိုသက်ရောက်မှုဟာ မူလနေရာကို ပြန်ရောက်မယ့် သဘောပါ။

မကောင်းတာတွေပဲရေးတာမဟုတ်ပါဘူး။ ကောင်းကျိုးထက် ဆိုးကျိုးကပိုများတာမို့လို့ ဘာပဲဖြစ်လာဖြစ်လာ အကောင်းဆုံးတွေပဲ ဖြစ်လာကြပါစေလို့ပဲ ဆုတောင်းပါတယ်။

(ပိုင်စိုး)
လားရှိုးကို ပြန်ဝင်လာကြတဲ့ လားရှိုးမြို့သူမြို့သားတွေ

စစ်ပွဲတွေပြီးသွားလို့ ကိုယ့်အိမ်ကိုယ်ပြန်ကြရင်တောင် အခွင့်အရေးရတုန်း အိမ်ပေါ်အခန့်သားတက်နေ နေတဲ့ လူတွေနဲ့ ရှင်းရမယ့် ပြဿနာလေးတွေရှိမယ်။ ဒါပေမယ့် ပြဿနာမရှိပါဘူး။ ရပ်ကွက်သာညီပါစေ။ ပပျောက်သွားပါလိမ့်မယ်။
ဓာတ်ပုံတွေကပြောတဲ့ စကားကို ကြားနိုင်ကြပါစေ။

Photo Credit
(ပိုင်စိုး)
19.04.202515:02
ရခိုင်ပြည်နယ်မှာ Proxy စစ်ပွဲ ဖြစ်လာတော့မှာလား
----------------------
(၁၉-၄-၂၀၂၅)

အခုတလော အိန္ဒိယနိုင်ငံက ထုတ်လိုက်တဲ့ သတင်းတစ်ပုဒ်ကြောင့် လိုင်းပေါ်မှာ ပွဲဆူနေတယ်။ အမေရိကန်က ဘင်္ဂလားဒေ့ချ်စစ်တပ်ကနေတဆင့် AA နဲ့ CNF ကို အထောက်အပံ့တွေပေးသွားမယ်ဆိုတဲ့သတင်းရယ်၊ အမေရိကန်စစ်ဗိုလ်ချုပ်တွေ ဘင်္ဂလားဒေ့ချ်မှာ စစ်တပ်ခေါင်းဆောင်တွေနဲ့ တွေ့တယ်ဆိုတဲ့ သတင်းတွေကြောင့် အမေရိကန်နဲ့ တရုတ်တို့ရဲ့ Proxy War ဟာ ရခိုင်မြေမှာ ဖြစ်ကြတော့မလားလို့ ပူပင်နေကြတာပေါ့။

ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ကိုစဉ်းစားတဲ့နေရာမှာ လက်ရှိ အမေရိကန်နဲ့ တရုတ်အခြေအနေကိုလည်း ထည့်တွက်ရတယ်။ အားလုံးသိတဲ့အတိုင်း အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲက စတင်နေပြီး နှစ်ဖက်လုံး ဖြစ်လာမယ့် အဆိုးဆုံးတွေအတွက် ပြင်ဆင်နေရတဲ့အချိန်ပါ။ ထရမ့်ဆိုရင်လည်း သူတစ်ယောက်တည်း ဥပဒေတွေထုတ်လိုက်၊ ရွှေ့ဆိုင်းလိုက်နဲ့ အမျိုးစုံကြိုးခုံနေရသလို တရုတ်ဆိုရင်လည်း သူ့ရဲ့ ထုတ်ကုန်တွေကို အခြားနိုင်ငံတွေမှာ ရောင်းချနိုင်ဖို့ သမ္မတကိုယ်တိုင် ပရိုမိုးရှင်းဆင်းနေရတဲ့အခြေအနေမျိုးပါ။

ဆိုတော့ တရုတ်ရဲ့ကုန်စည်စီးဆင်းမှုအတွက် အသက်ရှုပေါက်တစ်ခုဖြစ်လာမယ့် မြန်မာ့မြေမှာ ငြိမ်းငြိမ်းချမ်းချမ်း စီးပွားကူးသန်းလို့မရအောင် အမေရိကန်က Proxy War ဖန်တီးမယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် AA ဆိုတာကို အမေရိကန်က ထောက်ပံ့ချင်ရင် ဘင်္ဂလားဒေ့ချ်ကြားခံ မလိုပါဘူး။ USAID အထောက်အပံ့တွေတောင် AA စခန်းတွေမှာ တွေ့ရသေးတာပဲ။ အခုမှ အမေရိကန်က မြန်မာကို သိလာသလိုရေးနေကြလို့ တကယ်ဆို AA က အရှင်မွေးပြီး နေ့ချင်းကြီးလာတာ တရုတ်ကြောင့်မဟုတ်ပါဘူး။

Proxy War အပြင် စိုးရိမ်စရာနောက်တစ်ခုရှိသေးတယ်။ ရခိုင်ပြည်နယ်ဟာ အရင်ကတည်းက OIC နိုင်ငံတစ်ခုဖြစ်လာဖို့ အာဂျင်တာရှိတဲ့ နယ်မြေဆိုတာ နိုင်ငံရေးစိတ်ဝင်စားသူတိုင်း သိကြပါတယ်။ RSO/ARSA စသဖြင့် ဘာသာရေးအမည်ခံတဲ့ အဖွဲ့တွေရဲ့ ရန်ကရှိနေတဲ့အပြင် တရုတ်နဲ့ အမေရိကန်ရဲ့ Proxy စစ်ပွဲဆိုတာကလည်း -၅၀-၅၀ ပြောလို့မရနိုင်တဲ့အခြေအနေပါ။ ဒီအတွက်ကြောင့် ရခိုင်ကို အားလုံးက ဝိုင်းပြီးတော့ စိုးရိမ်နေကြတာ။

AA က အမေရိကန် အထောက်အပံ့တွေရပြီး တပ်ကိုချ၊ တပ်ကို တရုတ်က ပြန်ကူပြီး AA ကိုပြန်ချ။ နှစ်ဖက်လုံး စစ်ပန်းနေတဲ့အချိန် RSO/ARSA တို့က အချောင်ဝင်နှိုက်။ ကောင်းရောပေါ့။ ဘာစစ်ပွဲပဲဖြစ်နေပါစေ၊ ရခိုင်ပြည်နယ်ထဲက ရခိုင်လူမျိုးတွေရဲ့ မြို့တွေဆိုတာကို မမေ့ပါနဲ့။

တပ်ဖက်က ပေးထားရတဲ့မြို့တွေကိုဘာမှ မလုပ်ပဲ ဒီအတိုင်းထားပေးထားတာတောင် အင်တာနက်ရအောင်၊ မီး/ရေ ရအောင် စွမ်းဆောင်မပေးနိုင်သေးတဲ့ ထွန်းမြတ်နိုင်တစ်ယောက် တကယ် Proxy War ဆိုပြီး မြို့တွေ ရွာတွေမှာ အုန်းဂျိမ်း အုန်းဂျိန်းသာ ချကြရရင် ဘယ်လိုတွေ စီမံအုပ်ချုပ်မလဲ တွေးလို့တောင်မရဘူး။

ဒါတောင် ရခိုင်လူမျိုးတွေက သူတို့ကိုမုန်းလို့ပြောတယ်ထင်နေကြတုန်းပါပဲ။

(ပိုင်စိုး)

FB တွင်ဖတ်ရန်
https://www.facebook.com/share/p/1EP6iQjcKy/
ရခိုင့်အရေး၊ မြန်မာ့အရေး (ပိုင်စိုး)
14.04.202503:43
ချစ်လို့ရေးတဲ့ သင်္ကြန်စာ
------------------------
(၁၄-၄-၂၀၂၅)
ထိုင်းမှာလုပ်တဲ့ ဆုန်ကရမ်ပွဲအကြောင်း တွေ့နေရတော့ ရိုးရာအခိုးခံရပြီဆိုပြီး စိတ်ဆိုးကြတဲ့ ကိုယ့်လူမျိုးတွေတွေ့ရတာ တကယ်ဝမ်းသာမိပါတယ်။ တကယ်တော့ ရိုးရာဆိုတာ ခိုးလို့ရတဲ့ အရာမဟုတ်ပါဘူး။ ရည်ရွယ်ချက်၊ ဦးတည်ချက်မတူတာမို့ သင်္ကြန်က သင်္ကြန်၊ ဆုန်ကရမ်က ဆုန်ကရမ်ပဲဖြစ်နေမှာပါ။

မြန်မာ့သင်္ကြန်က ၁၁ ရာစု ပျူခေတ်မှာ စတင်ပြီးတော့ ခမာလူမျိုးတွေရဲ့ ဆုန်ကရမ်ကတော့ ၁၃ ရာစုမှာ စတင်တယ်လို့တွေ့ရပါတယ်။ ထိုင်းက ခိုးချင်ခိုး ခမာလူမျိုးတွေရဲ့ ပွဲကို ခိုးတာပါ။

ထိုင်းဟာ ဆုန်ကရမ်ပွဲကို နိုင်ငံတော်ပွဲအဖြစ် ၁၉၄၀ မှာတရားဝင်ကြေငြာခဲ့ပြီး မြန်မာတွေရဲ့ သင်္ကြန်ကတော့ ရှေးဘုရင်တွေလက်ထက်ကတည်းကနေ သူ့ကျွန်ဘဝရောက်တဲ့ ခေတ်တွေမှာတောင် ခေတ်အဆက်ဆက် ဘယ်သူလုပ်ပေးပေးမလုပ်ပေးပေး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရေကစားကြတာကို ကိုလိုနီခေတ်၊ ဂျပန်ခေတ် ဖြူမဲရုပ်သံတွေမှာ တွေ့မြင်ကြရပါတယ်။

ဆုန်ကရမ်ဆိုတာက နေရာရွေးချယ်ကျင်းပတာဖြစ်ပြီး ပါဝင်ဆင်နွဲလိုသူတွေဟာ အဲ့ဒီနေရာကိုသွားရပါတယ်။ မြန်မာ့သင်္ကြန်ကတော့ ကိုယ့်အိမ်ရှေ့လမ်းထဲထွက်လိုက်တာနဲ့ ပါဝင်ဆင်နွဲပြီးသားဖြစ်ရတဲ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပတာဖြစ်ပါတယ်။

ကိုယ့်အမြင်တစ်ခုတည်းပြောရရင် ဆုန်ကရမ်ဟာ စီးပွားရေးအရမ်းဆန်ပါတယ်။ အစိုးရဟာ ဆုန်ကရမ်အတွက် ရင်းနှီးမြှုပ်နှံထားပြီး ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့ပဲ ပစ်မှတ်ထားပါတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်အဖြစ်နဲ့ သူတို့ရဲ့ အသစ်အသစ်သော ရိုးရာတွေကို တကမ္ဘာလုံးကို ပြသပါတယ်။ ဆုန်ကရမ်ပွဲလုပ်တဲ့ရက်တွေမှာလည်း ထိုင်းရဲ့ နာမည်ကြီး ပါတီပွဲတွေ၊ EDM ပွဲတွေကို တစ်ဆက်တစ်ဆက်တည်း ပြုလုပ်ပြီး နိုင်ငံခြားဝင်ငွေ ရဖို့ ကြိုးပမ်းပါတယ်။

ပုတ်ခတ်တာမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့သင်္ကြန်တွေလည်း အခုနောက်ပိုင်းနှစ်တွေမှာ လူငယ်တွေဟာ အပျော်အပါးကိုပဲ ဦးတည်လာကြတာတွေ့ရပါတယ်။ အရက်သေစာသောက်စားမူးယစ်ပြီး ကခုန်နေရတာကိုပဲ အပျော်လို့ သတ်မှတ်လာကြတာဟာ စိတ်မကောင်းစရာပါ။ မဏ္ဍပ်တွေမှာ မူးယစ်ဆေးတွေသုံးစွဲ၊ လူမသိသူမသိ ဘာမှန်းမသိလောက်အောင် အပျော်လွန်နေကြတဲ့ ခေတ်ကာလ သားသမီးပျိုလေးတွေကို တွေ့ရတဲ့အခါ သင်္ကြန်ရဲ့ ရည်ရွယ်ချက်တွေပျောက်လာသလို ခံစားမိတယ်။

နှစ်ဟောင်းကအညစ်အကြေးတွေကို နှစ်သစ်မှာ အတာရေနဲ့ဆေးကြောတဲ့ မူလရည်ရွယ်ချက်ကိုတော့ မမေ့ဖို့လိုပါတယ်။ သီချင်းသံ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့မှ ပျော်ရတာမဟုတ်ပါဘူး။ အုန်းလက်မဏ္ဍပ်နဲ့ ရေကစားခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ အိုးမဲသုတ်ခြင်း၊ လူပျိုအပျိုလှည့်ခြင်း၊ ဘုရားကျောင်းကန်များ သွားရောက်ခြင်း စသဖြင့် မြန်မာ့သင်္ကြန်ကို မြန်မာလိုပဲပျော်စေချင်ပါတယ်။

ဆုန်ကရမ်လုပ်နေတဲ့ ထိုင်းကိုလည်း သွားပြီးတော့ အပြစ်တင်နေမယ့်အစား ကိုယ့်ရိုးရာကို ကိုယ်ကိုယ်တိုင် ကိုယ့်ပတ်ဝန်းကျင်မှာ ဆင်နွဲလို့ရပါတယ်။ ပြီးရင် ဆိုရှယ်မီဒီယာမှာ ကမ္ဘာသိအောင် ပြလို့ရတာပဲလေ။ ငွေကုန်မှ ပျော်လို့ရတာမဟုတ်ဘူးဆိုတာ ပြလိုက်ကြရအောင်လား။

နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ။

(ပိုင်စိုး)
မြန်မာတွေဟာ ကွန်မြူနစ်စနစ်နဲ့ပဲ ထိုက်တန်တာလား (ပိုင်စိုး)
ကုန်သွယ်ရေးစစ်ပွဲနှင့် ဒိုမီနိုအကျိုးသက်ရောက်မှု (ပိုင်စိုး)
22.04.202504:05
အပစ်အခတ်ရပ်စဲရေးနောက်ဆက်တွဲ
-------------
(၂၂-၄-၂၀၂၅)

ဒီနေ့က နစကရဲ့ အပစ်အခတ်ရပ်စဲရေး နောက်ဆုံးနေ့ပါ။ နစက အနေနဲ့ ရက် ၂၀ ကြာ အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်းမှာ ညောင်ကျိုး၊ အင်းတော်၊ ဖလမ်း၊ ကရင်ပြည်နယ် ထီးထ၊ ရှမ်းရွာသစ် စသဖြင့် တိုက်ကွက်တော်တော် အဖော်ခံရတယ်။ အရင်ငြိမ်နေတဲ့ KNU တပ်မဟာ ၄ တောင်မှ သင်္ကြန်တွင်း စစ်ရေးအမြတ်ထုတ်ပြီး ထိုင်းမြန်မာနယ်စပ်စခန်း ထီးထကို သိမ်းသွားတယ်။

လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ကွက်ကတော့ အဖွဲ့တိုင်းနီးပါးက အတူတူလောက်ပဲ။ အပစ်အခတ်ရပ်စဲမှုကို အခွင့်ကောင်းယူ အလစ်ဝင်တိုက်တယ်။ စခန်းသိမ်းပြီးပြီဆိုရင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ဆိုတဲ့ခေါင်းစဉ်ကို မီဒီယာတွေက ဝေဝေဆာဆာ ရေးကြတယ်။

အခုတော့ ရက် ၂၀ အပစ်အခတ်ရပ်စဲရေးကလည်း ဒီနေ့ပြီးရင် ပြီးပြီမို့လို့ နစက ဘယ်လို တုန့်ပြန်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ လားရှိုးကတော့ ကောလဟလတွေအတိုင်း ၂၁ ရက်နေ့အပြီး MNDAA က နစက ကို ပြန်အပ်ခဲ့ရပြီ။ NUG အားပေးတဲ့သူတွေ တင်းမယ်ဆိုရင်လည်း တင်းလောက်စရာပါ။ တပ်တွေနေရာယူအပြီးထိ လုံခြုံရေးတောင် ယူပေးရသေးတယ်ဆိုတော့။

ရှေ့ကတိုက်ပေးရတော့ ပူးပေါင်း PDF တွေဖြစ်ပေမယ့် အုပ်ချုပ်ရေးထဲလည်း မပါ၊ ညှိနှိုင်းရေးထဲလည်း မပါရပဲ နောက်ဆုံး ပြန်ပေးလိုက်ရတာပဲ အဖတ်တင်တယ်။ အခုကျတော့ အဲ့နယ်မြေတွေမှာ PDF တွေတိုက်ပွဲဖော်ဆောင်မှု မရှိစေရေးကိုပါ ထိန်းချုပ်ပေးရမယ်လို့ကြားတယ်။

EAO တွေသိမ်းတယ် သိမ်းတယ်ဆိုတဲ့မြို့တွေကို လေယာဉ်အုပ်လိုက် မလာသေးလို့ ပျော်နေကြတာပါ။ နစက တကယ်လုပ်မယ်ဆိုရင် အဲ့အဖွဲ့တွေလည်း လားရှိုးလိုပဲ စားပွဲဝိုင်းရောက်လာပြီး နစကအဖွဲ့တွေနဲ့ လက်ဆွဲနှုတ်ဆက်ကြဦးမှာပဲ။

KNU အနေနဲ့ကတော့ နယ်စပ်က တပ်စခန်းတွေကို တိုက်တာဟာ တိုင်းတစ်ပါးကျူးကျော်လာရင် ပြန်ခုခံနိုင်စွမ်းရှိလို့ပဲလို့ ယူဆပါတယ်။ ကျားဖြန့်ကိစ္စတွေလို နိုင်ငံတကာ အာရုံစိုက်ရလောက်တဲ့ ဒုစရိုက်မှုတွေ ပေါ်ပေါက်လာတဲ့အခါ ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုး မလုပ်ဖို့လိုတာပေါ့။ စပြီးတဲ့ ဇာတ်ကတော့ အဆုံးထိ ကကြရမှာပါ။
ရယ်တော့ ရယ်ရတယ်။ ပြည်တွင်းက မြန်မာတွေက ဒီမိုကရေစီလိုချင်တယ်။ ပြီးတော့ ကွန်မြူနစ်နဲ့ အုပ်ချုပ်တဲ့ EAOs တွေကိုကျတော့ အားပေးတယ်။ ဒါဆို EAO အုပ်ချုပ်တဲ့ ပြည်နယ်တွေမှာ သွားနေဆိုတော့လည်း မနေချင်ကြပါဘူး။ EAO ခေါင်းဆောင်ပိုင်းရဲ့ အမျိုးတွေတောင် မန္တလေးမှာ လာနေလို့ ငလျင်ထဲ ပါသွားတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့လေ။

ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပါပဲ အမျိုးတို့ရေ။ အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ EAO နဲ့ PDF တွေသိမ်းပြီးသွားတဲ့ စခန်းတွေဟာ အပစ်အခတ်ရပ်စဲရေးကာလအပြီးမှာ တပ်ဘက်က တိုက်စစ်ပြန်ဆင်ဖို့ အကြောင်းပြချက်တွေဖြစ်သွားခဲ့ရင်လည်း ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ။

(ပိုင်စိုး)

FB တွင်ဖတ်ရန်
https://www.facebook.com/permalink.php?story_fbid=pfbid0QegZeyFaDpz1MfT5YheQSyCwVLvb9BxJStoSMaHQVjvtEgAwWnvJmvMpEynTM1wol&id=61573845303977
ရခိုင်ပြည်နယ်မှာ Proxy စစ်ပွဲ ဖြစ်လာတော့မှာလား (ပိုင်စိုး)
ဘလိန်မာတွေက က်ုယ့်နိုင်ငံမှ တင်ရှိတာမဟုတ်ပါဘူး။ ဘယ်သူဘာလုပ်လုပ် အပြစ်ပြောမယ်ဆိုတဲ့လူတွေက နိုင်ငံအနှံ့မှာရှိပါတယ်

၁၄ ရက်နေ့က အဆိုတော် ကေတီပယ်ရီအပါအဝင် အမျိုးသမီးသီးသန့်ခြောက်ယောက်ပါဝင်တဲ့ အာကာသ ခရီးစဉ်လွှတ်တင်ခဲ့တယ်။ ခရီးစဉ်ဟာ အစအဆုံးမှ ၁၁ မိနစ်သာကြာမြင့်ခဲ့တာဖြစ်ပြီး ပုဂ္ဂလိကအာကာသခရီးသွားကုမ္ပဏီ Blue Origin က စီစဉ်တဲ့ခရီးစဉ်ဖြစ်ပါတယ်။ အာကာသခရီးသွားချင်သူတွေအတွက် ခုံတစ်ခုံကိုဒေါ်လာ ၄ သိန်းခွဲကနေ ၅ သိန်းကျော်အထိပေးရပြီး ကမ္ဘာတစ်ပတ်အပြည့်ပတ်ပေးတဲ့ခရီးစဉ်တွေအတွက် ဒေါ်လာ ၂၂ သန်းကနေ သန်း ၈၀ အထိကုန်ကျနိုင်ပါတယ်။ အခုချိန်ထိ အာကသခရီးသွားသူပေါင်း အယောက် ၅၀ ကျော်ခဲ့ပါပြီ။

၁၁ မိနစ်စာလောက်လေး ခရီးစဉ်အတွက် ဒေါ်လာသန်းနဲ့ချီ သုံးဖြုန်းနေလို့ ဘလိမ်းတဲ့သူတွေကလည်းဘလိမ်းနေပါပြီ။ အာကာသယာဉ်လွှတ်တင်လို့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေထွက်တယ်ဆိုပြီး အပြစ်တင်တဲ့သူက အပြစ်တင်နေပါပြီ။ ဆယ်နှစ်လောက်အစီအစဉ်ဆွဲနေတုန်းက မကန့်ကွက်ကြပဲ ပြီးသွားကာမှ ဘလိမ်းကြတော့ရော ဘာမှ ထူးမလာတော့ပါ။
(ပိုင်စိုး)
ချစ်လို့ရေးတဲ့ သင်္ကြန်စာ (ပိုင်စိုး)
11.04.202503:56
ခါတော်မီ ပရဟိတလုပ်စားများ
----------------------------
(၁၁-၄-၂၀၂၅)

ပရဟိတကို စီးပွားရေးတစ်ခုလို လုပ်စားနေကြတဲ့ တစ်ဘဝစံတွေရှိနေတော့လည်း မွန်မြတ်လှတဲ့ ပရဟိတဟာ လူအများရဲ့ လက်ညှိုးထိုးစရာဖြစ်နေရပါတယ်။
ငရဲငအုံမကြောက် လုပ်စားတတ်တဲ့ လူ့ငနွားတွေဟာ လူအများဒုက္ခရောက်ပြီဆိုရင် မြန်မာလူမျိုးတွေရဲ့ ကိုယ့်မှာရှိရှိ၊ မရှိရှိ ရက်ရောတတ်ကြတာကို အခွင့်ကောင်းယူပြီး ပျော်ပျော်ကြီး လုပ်စားကြတော့တာပဲ။

အခုလည်း ငလျင်ကို အကြောင်းပြုပြီး လူလိမ်တွေ လုပ်စားနေကြပြန်ပြီ။

အခုဖော်ပြထားတဲ့ မြတ်တံခွန်ပရဟိတဆိုတဲ့ Page ဟာ ငလျင်အလှူအတွက်ဆိုပြီး Facebook မှာ ပိုက်ဆံပေးကြေငြာပြီး အလှူခံတယ်။ Page စဖွင့်တာက ၃ လပိုင်း ၃၁ ရက်နေ့။ ဘာအလှူမှတ်တမ်းမှ မရှိဘူး။ ဂုဏ်ပြုလွှာတွေပဲတင်တယ်။ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေကို သံသယရှိလို့ လိုက်ရှာကြည့်တဲ့အခါမှာ အခြား ဗော်လန်တီယာအဖွဲ့တွေ လှူကြတဲ့ Tiktok က ဗီဒီယိုတွေဖြစ်နေတယ်။ တစ်ဖွဲ့တည်းက တင်တဲ့ဖိုင်မဟုတ်ပဲ သီးခြားလူတွေဖြစ်နေတာတွေ့ရတယ်။

မလုပ်ကြပါနဲ့ဗျာ။ ဒီဘဝမှာတောင် ဒီလောက် စုတ်ပြတ်သတ်နေတာ။ သူတပါးရဲ့ ချွေးနဲစာနဲ့လှူတာတွေကို ပါးစပ်ထဲ မသွင်းချင်ပါနဲ့။ အလှူရှင်တွေကတော့ သာဓုခေါ်နေကြမှာပါ။ သို့သော်လည်း အလှူအထမမြောက်တာကို သိရင် စိတ်ကောင်းကြမှာ မဟုတ်ဘူး။

Tiktok မှာ တွေ့မိတဲ့ မူရင်းဗီဒီယိုပိုင်ရှင်တွေအောက်မှာ မြတ်တံခွန်ပရဟိတနဲ့ သက်ဆိုင်လားလို့ ကျွနတော်သွားမေးထားတယ်၊ တကယ်သက်ဆိုင်မှုရှိပြီး တကယ်လှူနေတယ်ဆိုရင်တော့ ကျွန်တော် ဒီပို့စ်ကို ပြန်ဖျက်ပြီး တောင်းပန်ပါမယ်။

ဒီ Page က FB ပေါ် စပွန်ဆာနဲ့ကြေငြာလို့ လူတွေ တွေ့မိကြတာ။ ဒီအတိုင်း လိမ်နေမယ့် Page တွေ ဘယ်လောက်များနေမလဲ မသိနိုင်ပါဘူး။
ပရဟိတကို မလုပ်စားကြပါနဲ့ဗျာ။ နဂိုရ်ကမှာ ဆယ်လီတွေကြား ပရဟိတက နာမည်ပျက်နေရတဲ့ ကြားထဲ ထပ်မဖျက်ကြပါနဲ့။ ကျွန်တော်တို့နိုင်ငံ အငတ်ဘေးမဆိုက်သေးတာဟာ လူတွေ အလှူအတန်း ရက်ရောနေကြသေးလို့ပါ။ ဒေါသတွေ၊ မောဟတွေကြောင့် ကပ်နှစ်ခုကြုံနေရပေမယ့် အလှူအတန်းတွေကြောင့် အငတ်ဘေးကင်းလွတ်နေသေးတယ်။ အငတ်ဘေးပါဆိုက်ရင် အားလုံးပျက်စီးကြလိမ့်မယ်။

(ပိုင်စိုး)
လှူတန်းတာ သာဓုခေါ်ပါတယ်

ပရဟိတအမည်ခံပြီး အနုပညာလုပ်ငန်းတွေ တကျော့ပြန်လုပ်လာရင်လည်း နားလည်ပေးနိုင်ပါတယ်။ တစ်ခုပဲ။ ဒီနိုင်ငံဒီလိုဖြစ်ရတဲ့ အကြောင်းတရားတွေထဲက ဒီစုံတွဲရဲ့ ပယောဂတစ်ချို့ပါတာမို့လို့ ကိုယ့်ကြောင့်ဖြစ်ခဲ့တဲ့ အမုန်းတရားတွေကို နည်းနည်းဖြစ်ဖြစ် ပြန်လည် လျှော့ချပေးစေချင်မိပါတယ်။
Паказана 1 - 24 з 125
Увайдзіце, каб разблакаваць больш функцый.