မူးယစ်ဆေးဝါးနှင့် ပတ်သက်လာပါက ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်သွားကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ပြောကြား
==========================
အကြမ်းဖက်သမားများအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းမှရရှိလာသည့် အရင်းအမြစ်များဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းဖြစ်သဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်လာပါက ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး) အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လုံခြုံရေးသည် တစ်ဦးချင်းဆောင်ရွက်၍ ရနိုင်သည့်ကိစ္စရပ်ဖြစ်ပြီး ကာကွယ်ရေးသည် ကြီးကြပ်ကွပ်ကဲသူများက ရေရှည်စီမံချက်များ၊ ကြိုတင်မျှော်တွေးခြင်းများ၊ ပေါင်းစပ်ညှိနှိုင်းခြင်းများဖြင့် ဆောင်ရွက်ရသည့်ကိစ္စရပ်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်ရသည့် ဒေသတွင်းလုံခြုံရေးနှင့် ကာကွယ် ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေနိုင်သည်မှန်သမျှကို ကာကွယ်နိုင်ရေး အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်းလည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။