ပြည်ခိုင်ဖြိုးပါတီ၏ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့သည့်အလှူတွင် အလှူရှင်များပါဝင်လှူဒါန်း
===========================================
ဧပြီ ၇၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်နှင့် ဘေးဒုက္ခများတွေ့ကြုံခံစားရသော နေရာဒေသအချို့မှ ပြည်သူများအား ကူညီထောက်ပံ့မှုများကို စတင်ဖြစ်ပွားသည့်ရက်မှ ယနေ့အချိန်ထိ ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိသော ကူညီထောက်ပံ့မှုများတွင် တိုင်းဒေသကြီး/ပြည်နယ်ပါတီများ၊ ကုမ္ပဏီများ၊ တစ်သီးပုဂ္ဂလအလှူရှင်များလည်း ပါတီနှင့်အတူ ပါဝင်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ခြောက်မိုင်ခွဲ၊ ရွှေင်္ဟသာလမ်းမှ Novelty of Myanmar Co.Ltd ပိုင်ရှင် ဦးဇော်လွင်ဦး မိသားစုမှ အလှူငွေ (၁၀၃)သိန်းကျပ်၊ ထောက်ပံ့ပစ္စည်း (၁၀,၇၅၀,၀၀၀)ကျပ် တန်ဖိုးရှိ ဆန်(၅၀)အိတ်၊ Face Mask (၈၀၀)ဗူးနှင့် NewDay Co.Ltd မှ ဆေးစိမ်ခြင်ထောင် (၁၀၀၀)လုံး၊ စောင် (၂၀၀၀)ထည်၊ ဖျာ (၁၀၀၀)ချပ်တို့အား အလှူရှင်များမှ ပေးအပ်လှူဒါန်းရာ ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အဆိုပါ ကူညီထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ အလှူရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။