အမေး - သစ္စာလေးပါး ဆိုတာ ဘာပါလဲ ဘုရား။ လူငယ်များ နားလည်အောင် ရှင်းပြပေးတော်မူပါ ဘုရား။
ဆရာတော်ဘုရားကြီး၏ အဖြေ -
သစ္စာလေးပါးဆိုတာ အကြောင်း ၂မျိုး၊ အကျိုး ၂မျိုး။
အကြောင်းနဲ့ အကျိုးကို ရှင်းပြတာပါပဲ။
▪️သံသရာထဲမှာ တွေ့နေတဲ့ အကြောင်းနဲ့ အကျိုး - ၂ခု။
▪️ဒီအဆင့်ကို လွန်မြောက်သွားပြီး ဆင်းရဲ ဒုက္ခတွေကနေ လွတ်ကင်းသွားတဲ့ အကြောင်းနဲ့ အကျိုး - ၂ခု။
ရှင်းရှင်းပြောရမယ်ဆိုရင်…. သစ္စာလေးပါးဆိုတာ
🔸ရောဂါဖြစ်ခြင်းနှင့် ရောဂါပျောက်ခြင်း။
အဲ့ဒီ့ဥပမာလေးနဲ့ ကြည့်လိုက်။
1️⃣ ရောဂါ ဖြစ်နေတယ်။
2️⃣ ရောဂါ ဖြစ်ခြင်းရဲ့ အကြောင်းရှိတယ်။
3️⃣ ရောဂါ ပျောက်သွားတယ်။
4️⃣ ရောဂါ ပျောက်ခြင်းရဲ့အကြောင်းဖြစ်တဲ့ ဆေးဝါး။
လေးခုရှ်ိတယ် နော်။ အဲတာလိုပဲ……….
▪️သတ္တဝါတွေအားလုံး ကြုံတွေ့နေရတဲ့ မွေးဖွားလာခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းစတဲ့ ဆင်းရဲတွေအားလုံးဟာ ကျေနပ်စရာမကောင်းတဲ့အတွက် “ဒုက္ခ” လို့ ခေါ်တယ်။ အဲတာဟာ အမှန်တရားတစ်ခု။
ဘဝကြီးဟာ ကျေနပ်စရာရော မကျေနပ်စရာရောရှိတယ်။ ဒါပေမဲ့ မကျေနပ်စရာက ပိုများတယ်။
ဘာ့ကြောင့် မကျေနပ်စရာတုန်းလို့ဆိုတာကို စဉ်းစားကြည့်လိုက်ပေါ့ ခဏလောက်။
မွေးလာပြီးတဲ့နောက်မှာ အများစုဟာ ဒုက္ခသုက္ခတွေကြုံရတယ်။ ဘာဒုက္ခမှ မကြုံရပါဘူးဆိုတဲ့ပုဂ္ဂိုလ်တောင်မှ ကြည့်လိုက်ပေါ့ တဖြေးဖြေး အိုလာတယ်။ ရောဂါရတယ်။
နောက်ဆုံး သေသွားရတယ်။ ဒါကို ဘာမှမတတ်နိုင်ဘူး။
ဒါဟာ ဒုက္ခအစစ်ပဲ။
ဒီကြားထဲ အသက်ရှင်နေတဲ့ဘဝတစ်လျှောက် စိတ်ဆင်းရဲမှု ကိုယ်ဆင်းရဲမှုတွေ အများကြီးရှိသေးတယ်။ အဲ့ဒါကို သုခလို့ ပြောလို့ရပါ့မလား။ ပျော်ရွှင်နေတဲ့ခဏတာ အချိန်ပိုင်းလေးကိုပဲ သုခလို့ ပြောချင်ရင် ပြောလို့ရတယ်။
သို့သော် ထာဝရ ပျော်နေရတဲ့ အပျော်လားဆိုတော့ … မဟုတ်ဘူး။ ဝမ်းနည်းနေရတဲ့အချိန်တွေ၊ ဒုက္ခရောက်နေရတဲ့အချိန်တွေ က အများကြီးပဲ။
ဒါ့ကြောင့် ဘဝရလာတာဟာ ကျေနပ်စရာမဟုတ်ဘူး။ ကျေနပ်စရာမဟုတ်လို့ “ဒုက္ခ” လို့ သုံးတာ ဒီနေရာမှာ။
▪️အဲ့ဒီဒုက္ခ ဆိုတာဟာ အကြောင်းမဲ့ ဖြစ်နေတာ မဟုတ်ဘူး။ တဏှာဦးဆောင်တဲ့ ကိလေသာတို့ကြောင့်ဖြစ်တာ။ ဒါကြောင့်မို့ ဦးစီးခေါင်းဆောင်တစ်ခုကို ဦးတည်ပြီးတော့ ခေါ်တာ။
လိုချင်မှု၊ တပ်မက်တွယ်တာမှု ဆိုတဲ့ ဒီတဏှာဟာ ဒုက္ခကို ထုတ်လုပ်နေတဲ့အကြာင်းပဲလို့ ပြောတာက တစ်ခု။ အဲ့ဒီတော့ တဏှာကြောင့် ဒုက္ခဖြစ်ရတယ်။
1️⃣ ဒုက္ခကိုဖြစ်စေတတ်တဲ့ အကြောင်းတရားရယ်၊
2️⃣ ရရှိထားတဲ့ ခန္ဓာငါးပါးဆိုတဲ့ ဒုက္ခရယ်။
ဒီ ၂ခုဟာ လူတိုင်းကြုံတွေ့နေရတဲ့ သစ္စာ ၂ပါး။ အမှန်တရား။ ဒါဟာ အကြောင်းနဲ့ အကျိုး။
3️⃣ တစ်ခါ အဲ့ဒီ့ ဒုက္ခက လွတ်မြောက်ပြီး ဒုက္ခချုပ်ငြိမ်းဖို့ဆိုတာ ရှိတယ်။ ရောဂါဖြစ်ရင် ရောဂါပျောက်ခြင်းဆိုတာ ရှိသလို၊ ဒုက္ခဖြစ်ရင် ဒုက္ခ ချုပ်ငြိမ်းခြင်းဆိုတာလည်း ရှိရမယ်။
ဒီ ဒုက္ခ ချုပ်ငြိမ်းသွားမှုဟာလည်း အဆင့်တစ်ခုပဲ။ အဲ့ဒါလည်း အမှန်တရားပဲ။
4️⃣ ဒီ ဒုက္ခ ချုပ်ငြိမ်းသွားမှုဟာ သူ့ဖာသာသူ ချုပ်ငြိမ်းသွားတာလားဆိုတော့ မဟုတ်ဘူး။ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို မြတ်စွာဘုရားဟောတဲ့ အတိုင်းကျင့်မှ ချုပ်ငြိမ်းမှာ။
ဒုက္ခချုပ်ငြိမ်းဖို့ဆိုပြီးတော့ ဘာသာတရားမျိုးစုံက သူတို့နည်း သူတို့ဟန်တွေနဲ့ မျိုးစုံကြိုးစားကြတယ်။ ဒါပေမဲ့လို့ တကယ်ချုပ်ငြိမ်းသွားနိုင်တဲ့ အဆင့်ကို တွေ့နိုင်စွမ်းမရှိကြဘူး။
မြတ်စွာဘုရားပေါ်လာမှ ဒုက္ခချုပ်ငြိမ်းတဲ့အဆင့်ကို လုံးဝ ရသွားကြတာ။ အဲ့တာဟာ ဘာလဲဆိုတော့ ဝိပဿနာ တရားပဲ။ မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ။
မဂ္ဂင်ရှစ်ပါး အကျင့်တရားမရှိဘဲနဲ့ အစစ်အမှန်တရားဖြစ်တဲ့ ထာဝရအငြိမ်းဓာတ်ဆိုတာ မရှိဘူး နော်။
ဒါကြောင့်မို့လို့ အဆုံးသတ်တဲ့ လမ်းဆုံးပန်းတိုင်ဆိုတာ မတူကြဘူးပေါ့ နော်။
အားလုံးပေါင်းလိုက်တဲ့ အခါကျတော့
🔺 အဖြစ်ဘက်မှာ အကြောင်းနဲ့ အကျိုး ၂ခု။ ဒုက္ခက အကျိုး၊ သမုဒယ တဏှာက အကြောင်း။
🔺 ဒုက္ခချုပ်ငြိမ်းခြင်းဘက်မှာ နိဗ္ဗာန်ဆိုတဲ့ အကျိုးနဲ့ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါး အကျင့်တရားဆိုတာက အကြောင်း။
အဲတာကို သစ္စာလေးပါး အမှန်တရား။ အရိယပုဂ္ဂိုလ်တွေသိတဲ့ သစ္စာတရားလို့ ခေါ်တာ။
ဒီသစ္စာတရားကို မသိဘဲနဲ့ သံသရာဝဋ်က လွတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ပေါ့။ ကြောင်းကျိုးဆက်ပြီး ဖြစ်နေတဲ့အတွက်ကြောင့် အကြောင်းအစစ်အမှန်ကိုသိပြီးတော့ လုပ်ဆောင်မှ အငြိမ်းဓာတ် အစစ်အမှန်ကိုရမှာ။
ဆေးကုသလိုပဲ….. ရောဂါဖြစ်ခြင်းအကြောင်းမသိလို့ရှိရင် ဒီရောဂါပျောက်ကင်းအောင် ကုနိုင်မှာမဟုတ်ဘူး။ အဲ့တော့ ရောဂါဖြစ်ခြင်းအကြောင်းကို သိရှိပြီး ဆရာဝန်လမ်းညွှန်ထားတဲ့အတိုင်း မှန်ကန်တဲ့ ဆေးဝါးတွေ သုံးဆောင်မှီဝဲမှ အဲ့ရောဂါပျောက်မှာ။
ဒီ သဘောတရားပါပဲ နော်။
ဗုဒ္ဓ ဓမ္မဆိုင်ရာ အမေးအဖြေများ
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
#heinnadipearlandjewellery #တရားမှတ်စု #crd