ကမ္ဘာကြီး အံ့သြသွားတဲ့ မလေးရှားရဲ့ရိုက်ချက်
(ကိုယ်တိုင်ရေး ဆောင်းပါးတစ်ပုဒ်နဲ့ အသိပေးချင်ပါတယ် ။ )
ကျော်တော့လှေသူကြီး ၊ ညားတော့လှေထိုးသားတဲ့ ။ ကြားဖူးကြမှာပါ ။
အာဏာသိမ်းခေါင်းဆောင်နဲ့ မလေးရှားဝန်ကြီးချုပ်နဲ့ ထိုင်းမှာတွေ့ကြမယ်ဆိုတော့ ဟိုဘက်ရော ၊ ဒီဘက်ရော ၊ ကမ္ဘာကြီးရော ခေါင်းထောင်လာကြတယ် ။
နိုင်ငံရေးဂုရုကြီးတွေက
" စစ်တပ်ကို တရားဝင်ခွင့်ပေးဖို့ အာဆီယံမူကို ချိုးဖောက်တာ ၊ လွမ်းစရာမရှိဘူး ။ "
" ကမ္ဘောဒီးယားက ဟွန်ဆန်တုန်းကလည်း ဒီလိုပါဘဲ ။ "
" သက်ဆင်နဲ့ပေါင်းပြီး တရားဝင်မှု့ပေးတော့မယ် ၊ ဆန့်ကျင်ကြ "
ဆိုသလို ပွဲမစခင်မှာ ထင်ကြေးပေးကြတယ် ။
ဟုတ်တော့လည်း ဟုတ်တယ် ။ အာဆီယံမူ ၅ ချက်ကို မလိုက်နာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အာဆီယံမူအရ တွေ့လို့မရဘူး ။ အာဆီယံကနေ စစ်ခေါင်းဆောင်တွေကို ဖယ်ကျဉ်ထားခဲ့ကြတာကိုး ။
အခုလို မလေးရှားဝန်ကြီးချုပ်က အာဆီယံမူ ချိုးဖောက်ပြီး မျက်နှာချင်းဆိုင် တွေ့တော့မယ်ဆိုတော့ မဲခိုးတယ်ဆိုပြီး လိမ်ဦးမယ့် အချက်အရ မလေးရှားလည်း လိမ်ဖယ်လိမ်ဖယ်နဲ့ ပြန်သွားလေမလား ၊ စစ်ခေါင်းဆောင်တွေကို အသိအမှတ်ပြုလိုက်မလားဆိုပြီး မြန်မာရော ၊ ကမ္ဘာရောက အန်နဝါရဲ့ ထိုင်းခရီးကို စိတ်ဝင်စားကြတယ် ။
သို့ပေမဲ့ အာဏာသိမ်းခေါင်းဆောင်နဲ့တင်မဟုတ်ပဲ ပြည်သူ့ကိုယ်စားပြုအစိုးရနဲ့ပါ တွေ့ဖို့လုပ်လိုက်တော့ အန်နဝါရဲ့ ကျောမှာဝှက်လာတဲ့ဓားဟာ အာဏာသိမ်းခေါင်းဆောင်တွေကို မထိုးပဲ အချက်ပေါင်းများစွာထိသွားတယ် ။
ကမ္ဘာကြီး မျက်လုံးပြူးသွားတယ် ။
နိုင်ငံတကာသတင်းဌာနတွေ ဒီသတင်းကို အလုအယက်လိုက်ကြတယ် ။ အလုအယက်တင်ကြတယ် ။
နွေဦးတော်လှန်ရေး အစကတည်းက အားပေးတဲ့နိုင်ငံတွေ ရှိနေပေမဲ့ အခုလို လူသိထင်ရှား မတွေ့ရဲကြဘူး ။ အဲ့ဒါကြောင့်လည်း NUG က တရားဝင်တွေ့ဖို့ တောင်းဆိုလိုက်တာ ။
သတ္တိရှိတဲ့ အန်နဝါကလည်း
"တရားဝင်တွေ့ခွင့်တောင်းတော့ ၊ တရားဝင်တွေ့တယ်ကွာ "
ဆိုသလိုအချိုးမျိုး လုပ်လိုက်တာပါ ။ NUG နဲ့ တွေ့မယ့်အကြောင်းကို ကြိုပြောမထားတဲ့အတွက် ကမ္ဘာကြီးက လှေသူကြီးကိုပဲ အာရုံစိုက်နေပေမဲ့ အန်နဝါရဲ့ သံတမန်နည်းဗျူဟာမှာ ဟာကနဲ ဟင်ကနဲ ဖြစ်သွားကြရပါတယ် ။
" မလိုအပ်တဲ့ ရန်လိုမှု့တွေကို အဆုံးသတ်ပေးဖို့လိုပါတယ် ။ အဲ့လိုမှမဟုတ်ရင်တော့ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ကျင့်ဝတ်တွေ ဆုံးရှုံးရပါလိမ့်မယ် "
လို့ မိန့်ခွန်းစချွေလိုက်တဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်ဟာ အာဏာသိမ်းခေါင်းဆောင်နဲ့ တွေ့ဆုံးဆွေးနွေးဖို့ စတင်ချိန်မှာပဲ ဒီလိုပြောခဲ့ပါတယ် ။
တစ်ရက်တည်းမှာပဲ မလေးရှားဝန်ကြီးချုပ်ဟာ NUG နဲ့ တွေ့ဆုံမှု့လုပ်တဲ့အကြောင်းကို ကမ္ဘာ့သတင်းမီဒီယာတွေက ဖော်ပြပါတယ် ။ NUG ကိုတော့ အွန်လိုင်းကနေ တွေ့ဆုံခဲ့တာပါ ။ သို့ပေမဲ့ ကမ္ဘာသိ တရားဝင် တွေ့ဆုံမှု့ဖြစ်တဲ့အတွက် မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှု့မှာ အာဏာသိမ်းစစ်တပ်က သိက္ခာကျပြီး NUG ကတော့ တရားဝင် ကမ္ဘာသိ စကားပြောခွင့် ၊ ဆွေးနွေးခွင့် ၊ တောင်းဆိုခွင့်တွေ ရလိုက်ပါတယ် ။
မလေးရှားဝန်ကြီးချုပ်ဟာ မြန်မာတစ်ပြည်လုံးကို လူသားချင်းဆိုင်ရာ အကူအညီပေးသူတွေ နေရာမရွေး သွားဖို့ တောင်းဆိုပါတယ် ။ ငလျင်ဘေးနဲ့ စစ်ဘေးဒေသတွေမှာ ဆေးရုံတွေဖွင့်ဖို့နဲ့ ပဋိပက္ခရပ်ဆဲဖို့အတွက် နှစ်ဘက်စလုံးနဲ့ အကျယ်တဝင့် ဆွေးနွေးခဲ့ပါတယ် ။
အနှစ်ချုပ်ရရင် ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားက NUG ကို ကမ္ဘာသိ တရားဝင် တွေ့ဆုံလိုက်တဲ့အတွက် ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေကလည်း တရားဝင်စကားပြော အသိအမှတ်ပြုလာပါတော့မယ် ။
နွေဦးဟာ ထန်းရည်မူးသလို ရင်မော့ ကျောကော့ပြီး ရီဝေဝေလျှောက်လှမ်းလာရသလိုပါဘဲ ။
ဘကြီးအောင် LA
18 April, 2025