.
☯️
ဘမောင်မှာ မြေး (၆) ယောက်ရှိတယ်၊ အကြီးဆုံးက ယောင်္ကျားလေး၊ အားလုံးက ဖူးဖူးမှုတ်ပေါ့၊ ဒါပေမဲ့ ဒီမောင် (၁၀) ကြိမ်တွန်းမှတကြိမ်ရွေ့တာ၊ သူ့အောက်က မိန်းခလေး၊ နောက်တော့ သားသမီးတွေအပြိုင်မွေးကြရင်း မြေ (၆) ယောက်အဖိုးဖြစ်သွားပါလေရော၊
အားလုံးက သူ့စရိုက်နဲ့သူလာတာ၊ အလတ်မြေးမက အလတ်မြေးဆိုတဲ့အတိုင်း "လပ်" နေမှာစိုးလို့ သတိထားပေးနေရတယ်၊ ဘယ်တော့မှ လိုတာတောင်းလေ့မရှိဘူး၊ အေးတယ်၊ သူများရန်လုပ်လဲ မတုန့်ပြန်တတ်ဘူး၊
ပြည်ပမှာ အသက် (၈၇) အစ်ကိုကြီးနဲ့ အသက် (၈၀) လောက်အမကြီးရှိတယ်၊ သူတို့အားကိုးရတဲ့သမီးကရုတ်တရက်ဆုံးတော့ မြေးမအလတ်ကိုပဲလွှတ်ပြီး ပြုစုခိုင်းရတယ်၊ ပထမ မြေးမက ဘမောင်ဆီမှာ PhD တက်မလို့၊ အစ်ကိုကြီး အမကြီးတို့ကိုပဲပြုစုရင်း ဟိုမှာပဲ PhD တက်ခိုင်းလိုက်တယ်၊ မနေ့က မြေးမက -
" Phoe, I passed the final defense " .. တဲ့
သူတောင် PhD ပြီးသွားပြီဆိုပဲ၊ သူကလိမ္မာတယ်၊ နှစ်ခါမပြောရဘူး၊ တခုရွေ့ဖို့ တခါပဲတွန်းရတယ်၊ Master တုန်းကလဲ ဘယ် Subject ယူ၊ ဘာကြောင့်ယူခိုင်းရတာလဲဆိုတာရှင်းပြလိုက်တာနဲ့ ... ပြီးတယ်၊ လှည့်ကြည့်စရာမလိုဘူး၊
မြေးမိန်းခလေးတွေကို ဘမောင်ကမှာထားတာ-
* ဘာသာခြားယူမလာနဲ့၊ အိမ်ထဲအဝင်ခံမှာမဟုတ်ဘူး၊
* အလုပ်မလုပ်ချင်တဲ့ သောက်ပျင်း ယောင်္ကျားမျိုးတော့ ယူမလာနဲ့၊ ငွေရှာနိုင်စရာမလိုဘူး၊ အလုပ်လုပ်ချင်တဲ့စိတ်ရှိဖို့ပဲလိုတယ်၊
* အိမ်ထောင်ကိုတန်ဘိုးမထားလို့ အနိုင်ကျင့်လွန်းရင်... ကွဲပစ်လိုက်၊ အဖိုးကျွေးထားမယ်
ဟုတ်တယ်
အိမ်ထောင်ဦးစီးအမည်ခံပြီး အလုပ်မလုပ်ရင် ဘမောင်က တစက်လေးမှကြည့်ရတာ မဟုတ်ဘူး၊
မြေးယောင်္ကျားလေးတွေကိုလဲမှာထားတယ်
* သူများသားသမီးကိုယူရင် လုပ်ကျွေးရမယ်
အလုပ်သာလုပ်ဖို့လိုတယ်၊ ကံမပေးလို့ ငွေမရတာကိစ္စမရှိဘူး၊ ငါပေးမယ်၊ အလုပ်ကိုတော့ လုပ်နေရမှာပဲ
* ငွေရှာရရင်လဲ မမောက်မာနဲ့၊ မယွနဲ့ပြောလဲရမှာမဟုတ်လို့ နဲနဲပဲယွကြ၊ ကိုယ့်အိမ်ထောင်တန်ဘိုးတော့ ကိုယ်သိကြ၊
မယူခင်စဉ်းစား၊ ယူပြီးရင်ကိုယ်ရှာကျွေးရမဲ့တာဝန်ရှိတယ်ဆိုတာ သိထား၊ ကွဲတာပြဲတာ မကြားချင်ဘူး၊ အပြစ်မဲ့တဲ့ ခလေးတွေကြားညပ်တယ်၊
သားနှစ်ယောက်အတွက်ကတော့ ကိုယ်ကသားရှင်ဆိုတော့ ကြည့်နေရတယ်၊ ငယ်ငယ်က မိဘအပေါ်ဆိုးသလောက် ကြီးတော့လိမ္မာကြတယ်၊ သူတို့အိမ်ထောင်ဖက်တွေအပေါ် တာဝန်ကြေတာတွေ့ရလို့ မဆိုးဖူး၊ ဘမောင်တို့အပူ ကင်းတယ်ပြောရမှာပေါ့၊
သားသမီးတွေ ပြီးတော့လဲ မြေးတွေအလှည့်ရောက်လာရပြန်ပြီပေါ့၊ အဲ့ဒါကိုက " လောကဓမ္မတာ" " သံသရာ"... လို့ခေါ်ပါတယ်တဲ့ ။
BaMg ☯️
.