နောက်ကွယ်က လက်မဲ
=============
၁။ အင်အားသေးတဲ့ နိုင်ငံတွေ၊ ဒါမှမဟုတ် တရားဥပဒေရင်ဆိုင်ရတဲ့ အဖွဲ့အစည်းနဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အားနည်းတယ်လို့ ယူရကြတဲ့ တချို့သော အစိုးရ တွေဟာ ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ မျက်နှာပမ်းရဖို့၊ မြန်မာလိုဆိုရင်တော့ လူပေါ်၊ လူဇော် လုပ်နိုင်ဖို့ ၊ ပြင်းပြင်းထန်ထန် ပြောမယ်ဆိုရင်…နေရာယူတတ်ဖို့အတွက် တခါတလေ (လော်ဘီ)လိုမျိုး အဖွဲ့အစည်းတွေကို ငှားရလေ့ရှိတတ်တယ်။
----
၂။ ဒါပေမယ့် ဒီလိုလော်ဘီငှားတဲ့အခြေအနေဟာ သိသာထင်ရှားမှုရှိသလို စရိတ်စကလည်း သိပ်ကုန်လွန်းတာမို့….ခပ်ပါးပါးလေး လုပ်လို့ ရတဲ့ နေရာတွေကို ရှာလေ့ရှိကြတယ်။ ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံလိုမျိုး စတုတ္ထမဏ္ဏိုင်လို့ တင်စားတဲ့ မီဒီယာတွေဟာ သိပ်ပြီး အသုံးချလို့ အကောင်းဆုံးသော လက်နက်တစ်ခု ဖြစ်လာခဲ့တယ်။ ကိုယ်ပြောလိုတဲ့ စကားတွေ၊ ကိုယ်ရေးစေလိုတဲ့ သတင်းတွေ၊ ကိုယ်တားမြစ်လိုတဲ့ အကြောင်းအရာတွေကို တိုက်ပိုင်ထုတ်ဝေသူတွေ၊ အယ်ဒီတာတွေနဲ့ သတင်းသမားတွေကို လူ့အကြိုက် ငွေသား အလုံးအရင်းနဲ့သာ ချကျွေးထားလိုက်ရင်….ကိုယ်ဖြစ်စေချင်တာ ချက်ခြင်း ရလာဒ် ထွက်တဲ့ အထိ ထိရောက်တယ်။ အသိသာဆုံး ဥပမာ ပေးရရင် ၂၀၂၀ ရွေးကောက်ပွဲ မတိုင် ခင်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံကိန်းနဲ့ ဘဏ္ဍရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူကို တခြားပါတီအစုအဖွဲ့နဲ့ အကျိုးတူ လုပ်ငန်း လုပ်နေပါတယ် ဆိုပြီး မီဒီယာတစ်ခုဆီမှာဒေတာအစုံအလင်နဲ့ ဖွင့်ချပြခဲ့တဲ့ ဖြစ်ရပ်မျိုးတွေပေါ့။
-----
၃။ ခုလည်း Elon Musk ရဲ့ DOGE ဌာနက AP သတင်းဌာနနဲ့ New York Times တို့က အမေရိကန်အစိုးရရဲ့ အထောက်အပံ့ ဒေါ်လာ သန်းပေါင်းများစွာ လက်ခံရယူပြီး အစိုးရ အကြိုက် သတင်းတွေ ရေးသားခဲ့တယ်ဆိုပြီး ထုတ်ဖော်ပြသလိုက် တော့…. ဒီမိုကရေစီ ဘိုးအေးနိုင်ငံဆိုပြီး ခံယူထားတဲ့ နိုင်ငံအနေနဲ့ရော၊ မီဒီယာဆိုတဲ့ ကျင့်ဝတ် စည်းမျဉ်း တွေကို စောင့်ထိန်းလိုက်နာရမယ့် AP နဲ့ New York Times တို့လို သတင်းစာ တွေရဲ့ ဂုဏ်သိက္ခာ လည်း ဂွမ်းတော့တာပေါ့။
----
၄။ လက်ရှိ ဒေါ်နယ်ထရန့် လက်ထက်မှာ အသေးစိတ် စုံစမ်းနေတဲ့ USAID ဆိုတာက အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အရေးပါတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ သမ္မတက တိုက်ရိုက်ခန့်အပ်ပြီး ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စတွေမှာလည်း အတော်လေးကို သုံးနိုင်ဖြုံးနိုင်တဲ့ အဖွဲ့အစည်း တစ်ခုဆိုရင်လည်း မမှားဘူးပေါ့။ ခက်တာက… ဒါကို အရည်ခြုံပြီး တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို စိတ်ကြိုက် ဝင်မွှေခဲ့တဲ့ ပြဿနာတွေလည်း မီးခိုးကြွက်လျှောက် ပေါ်ဦးမယ်ထင်ပါတယ်။ ဥပမာ- ဂျော်ဂျီယာရဲ့ ရွေးကောက်ပွဲမှာ USAID က $ 41.7 mil သုံးခဲ့တယ်ဆိုတာမျိုးပေါ့။ မြန်မာမှာလည်း ၂၀၂၀ ရွေးကောက်ပွဲအတွက် အမေရိကန်သံရုံးက ဘယ်လောက် ထောက်ပံ့ပါတယ်ဆိုတဲ့ စာရင်း ဇယားတွေလည်း ရှိပါသေးတယ်။ ဒီအကြောင်းအရာတွေနဲ့ တဆက်တည်း . လက်ရှိ မြန်မာ့ပြည်တွင်းရေးကို အဆင့်အတန်းမရှိ ရေးချင်တာရေးနေတဲ့ မီဒီယာတွေရဲ့ နောက်ကွယ်က ဇာတ်ကြောင်းတွေ ပေါ်လာရင်တော့ ကောင်းသားပဲလို့တွေးမိပြန်တယ်။ သေချာတာကတော့ အနောက်ကပေးတဲ့ ခွဲတမ်းမရတော့ရင်...ဒီမီဒီယာတွေလည်း ခွက်ခေါက်အလှူခံကြဦးမယ်ထင်ပါရဲ့။
(နရီမိုး)