"Game of Thrones" ထဲက ဒိုင်းယားဝံပုလွေတွေကို ပြန်လည်အသက်သွင်းလိုက်ပါပြီ။
ဧပြီလ ၈ ၊ ၂၀၂၅
ဇီဝနည်းပညာနဲ့ မျိုးရိုးဗီဇအင်ဂျင်နီယာကုမ္ပဏီ Colossal Biosciences က "Game of Thrones" ထဲမှာ လူသိများခဲ့တဲ့ ဒိုင်းယားဝံပုလွေကို ပြန်လည်အသက်သွင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
ဒီအောင်မြင်မှုကို ကုမ္ပဏီက ဒီအန်အေ (၁၃,၀၀၀ နှစ်သက်တမ်းရှိ သွားတစ်ချောင်းနဲ့ ၇၂,၀၀၀ နှစ်သက်တမ်းရှိ ဦးခေါင်းခွံ) နဲ့ မီးခိုးရောင်ဝံပုလွေတစ်ကောင်ရဲ့ ပြင်ဆင်ထားတဲ့ မျိုးဗီဇကုဒ်ကို အသုံးပြုပြီး ရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
CRISPR နည်းပညာ (clustered regularly interspaced short palindromic repeats) ကို အသုံးပြုပြီး ကုမ္ပဏီက အဖြူရောင်အမွေးရှိတဲ့ ဒိုင်းယားဝံပုလွေ သုံးကောင်ကို မွေးဖွားခဲ့ပါတယ်။ ဒါဟာ "Game of Thrones" ဇာတ်ကောင် Jon Snow ရဲ့ ဒိုင်းယားဝံပုလွေဖြစ်တဲ့ Ghost နဲ့ ဆင်တူပါတယ်။
"နည်းပညာတစ်ခု တိုးတက်လာတဲ့အခါ မှော်ပညာနဲ့ ခွဲခြားလို့မရအောင် ဖြစ်သွားတယ်" လို့ ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်ချုပ် Ben Lamm က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဝံပုလွေအထီး နှစ်ကောင်ကို ရောမမြို့ကို တည်ထောင်ခဲ့တယ်လို့ ဒဏ္ဍာရီမှာ ပြောထားတဲ့ Romulus နဲ့ Remus လို့ အမည်ပေးခဲ့ပါတယ်။ သူတို့ကို ဝံပုလွေမ တစ်ကောင်က ပြုစုပျိုးထောင်ခဲ့တယ်လို့ ဆိုပါတယ်။
တတိယမြောက် ဝံပုလွေက အမခွေးပေါက်လေးဖြစ်ပြီး သူ့ကို Khaleesi လို့ အမည်ပေးခဲ့ပါတယ်။ ဒါဟာ "Game of Thrones" ထဲက Daenerys Targaryen ကို ရည်ညွန်းတဲ့ နာမည်တစ်ခုပေးခဲ့တာဖြစ်ပါတယ်။
အခုလောလောဆယ် ဒီသုံးကောင်လုံးဟာ ဧက ၂,၀၀၀ ကျယ်ဝန်းတဲ့ လျှို့ဝှက်ထိန်းသိမ်းရေးနယ်မြေတစ်ခုမှာ နေထိုင်နေပြီး ဒီနယ်မြေကို အမေရိကန် တိရစ္ဆာန်ကာကွယ်ရေးအသင်းက အသိအမှတ်ပြုထားတယ်လို့ ဆိုပါတယ်။ သူတို့ဟာ အရွယ်ရောက်တဲ့အခါ အလေးချိန် ၆၀ ကီလိုဂရမ်ခန့် ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ မီးခိုးရောင်ဝံပုလွေတစ်ကောင်ရဲ့ ပျမ်းမျှအလေးချိန်က ၉၀ ကီလိုဂရမ်အထိရှိပါတယ်။
"Game of Thrones" ဖန်တီးသူ George R.R. Martin ဒီပရောဂျက်မှာ ယဉ်ကျေးမှုအကြံပေးနဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်ခဲ့ပြီး ထိန်းသိမ်းရေးနယ်မြေမှာ အထီး ဝံပုလွေ နှစ်ကောင်ကို သွားရောက်ကြည့်ရှုခဲ့ပြီးပါပြီ။
"လူအများက ဒိုင်းယားဝံပုလွေတွေကို စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ ရှိတဲ့ ဒဏ္ဍာရီဆန်ဆန် သတ္တဝါတွေလို့ မြင်ကြပေမယ့် တကယ်တမ်းမှာ သူတို့ဟာ အမေရိကန် ဂေဟစနစ်မှာ အထောက်အကူဖြစ်စေတဲ့ သမိုင်းကြောင်းရှည်လျားလှတဲ့သတ္တဝါတွေဖြစ်တယ်" လို့ စာရေးဆရာက သူ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
John Snow ရေးသားပါသည်။