Clap [2022]
ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ 2022ထွက် Telugu ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ "Clap" ဆိုတဲ့ဇာတ်ကားလေးပါ။
ဒီကားလေးကတော့ drama&sport အမျိုးအစားကို အချိုးညီညီတွဲစပ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဇာတ်ကားခေါင်းစီးက Clap ဆိုတဲ့ လက်ခုပ်သံ။ ဒီလက်ခုပ်သံတွေရဲ့နောက်ကွယ်က ပေးဆပ်ခဲ့ရတဲ့ သွေးတစ်စက်၊ ချွေးတစ်စက်တိုင်းရဲ့ တန်ဖိုးကို
ကာယကံရှင်ကလွဲ ဘယ်သူမှ အတွင်းကျကျ မသိနိုင်ပါဘူး။
ဒီလို အချိန်ကိုရင်းလို့ ခွန်အားကို အားသွန်ခွန်စိုက် ပေးဆပ်ခဲ့တဲ့ အပြေးသမားတစ်ယောက်ရှိတယ်။
သူကတော့ ဗစ်ရ်ှနူး။ ချန်ပီယံ အပြေးသမားတစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ထားတဲ့ ဗစ်ရ်ှနူးတစ်ယောက် ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့
လေ့ကျင့်မှုကြိုးဝိုင်းထဲမှာ မရပ်မနား အပြေးလေ့ကျင့်ရင်း ကြီးပြင်းလာခဲ့တယ်။
ဒီလိုနဲ့ တစ်နေ့မှာ ကံကြမ္မာဆိုးတစ်ခုကသူတို့သားအဖနှစ်ယောက်အပေါ် ရုတ်ချည်းဆိုသလို ကျရောက်လာခဲ့တယ်။
ဒီကံကြမ္မာဆိုးရဲ့ရိုက်ခတ်မှုက သူ့ဘဝကိုသာမက သူ့ဘဝထဲက တန်ဖိုးထားရတဲ့အရာတွေကိုပါ ဆွဲထုတ်ယူသွားတယ်။
သူ့ဘဝတစ်ခုလုံး အထိနာသွားခဲ့လေတော့ သူ့နှလုံးသားဟာလည်း အေးစက်ငြိမ်သက်သွားခဲ့တယ်။ သူ့ရဲ့ဇနီးဖြစ်သူက သူ့အနားမှာ
မခွဲမခွာရှိနေပေမဲ့လည်း သူကတော့ နီးလျက်ဝေးသလို နေမိခဲ့တယ်။
ဒီလိုနဲ့ သူ့မိန်းမနဲ့သူနဲ့ကြားမှာ တိတ်ဆိတ်ခြင်းနံရံကြီး ခြားသွားခဲ့တယ်။
တစ်နေ့မှာတော့ သူ့မိတ်ဆွေဖြစ်သူ ဘာဘူရဲ့စကားတွေကိုကြားပြီး ငြိမ်သက်နေတဲ့သူ့စိတ်တွေ ပြန်လည်လာခဲ့တယ်။
အဲဒါကလည်း သူ့ဘဝထဲကသေဆုံးသွားတဲ့ အရာတစ်ခုကို ပြန်ပြီးရှင်သန်နိုးထလာစေမဲ့အကြောင်း အရာဖြစ်နေတယ်။
အဲဒီနောက်ကို ခြေရာခံလိုက်ဖို့ ထပ်ပြီးပေးဆပ်ရမဲ့အဖိုးအခတွေကလည်း ရှိနေတယ်။
ဒီတော့ ရှင်လျက်သေဆုံးသွားတဲ့ သူ့ဘဝကို ပြန်ရှင်သန်လာစေမဲ့အရာမျိုး ရှာတွေ့ခဲ့ရင်တောင်မှ
သူမျှော်လင့်ထားသလို ဖြစ်လာပါ့မလား။
ဒါမှမဟုတ် လောကဓံရဲ့ရိုက်ချက်တွေအောက်မှာပဲ ရုန်းလေနစ်လေ ဖြစ်နေမလားဆိုတာကိုတော့
လက်တွေ့ဘဝနဲ့နီးစပ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။
#Credit
#AlphaPremium