Feb-26
မိုးကောင်းမြို့နယ်အတွင်းရှိ ရှမ်းနီတိုင်းရင်းသား ငါးဆယ်ကျော် KIO၊ KIA လက်နက်ကိုင်အဖွဲ့အစည်းမှ လူသစ်စုဆောင်း
EPN
မိုးကောင်း၊ ဖေဖော်ဝါရီ ၂၆ (၂၀၂၅)
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ရှမ်းနီဒေသခံတိုင်းရင်း ငါးဆယ်ကျော်ကို KIO၊ KIA လက်နက်ကိုင်အဖွဲ့အစည်းမှ အတင်းအဓမ္မ လူသစ်စုဆောင်းသွားကြောင်း ပင်းပေါဒေသခံတစ်ဦးက ဆိုသည်။
" ပင်းပေါ၊ ပင်းကျိုင်းရွာသားတွေကို KIA အဖွဲ့က လူသစ်စုဆောင်းရေး ဆွဲသွားတယ်။ ညအချိန်မတော် အိမ်တံခါးပိတ်ထားလည်း ရိုက်ဖွင့်ပြီးဖမ်းခေါ်သွားတယ်။ ငါးဆယ်ခြောက်ယောက် ပါသွားတယ် " ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
KIO၊ KIA လက်နက်ကိုင်အဖွဲ့အစည်းမှ လူအင်အားလိုအပ်မှုရှိနေ၍ ပင်းပေါ၊ ပင်းကျိုင်းကျေးရွာနေ ဒေသခံ ရှမ်းနီတိုင်းရင်းသား ငါးဆယ်ခြောက်ယောက်အား ဖေဖော်ဝါရီ (၂၁) ရက်နေ့ နံနက်အစောပိုင်းက အိမ်တံခါး ဖျက်ဆီးဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အလားတူ မိုးညှင်းမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာဒေသခံ (၉၀) ဦးခန့်ကိုလည်း ဖေဖော်ဝါရီ (၁၃) ရက်နေ့၊ မနက်ပိုင်း (၄)နာရီဝန်းကျင် အချိန်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့တို့မှ လူသစ်စုဆောင်းရေး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
▪️လက်ရှိ မိုးညှင်းခရိုင်အတွင်း၌ ရှမ်းနီအမျိုးသားများတပ်မတော် SNA ၊ ပြည်သူ့စစ်အဖွဲ့နှင့် မိုးညှင်းခရိုင်အခြေစိုက် တပ်မတော်၊ တပ်ရင်းများပူးပေါင်းကာ KIA၊ PDF ပူး ပေါင်းအဖွဲ့တို့ကြား စစ်ရေးတင်းမာလျက်ရှိနေပြီး၊ KIA၊ PDF ပူးပေါင်းအဖွဲ့မှ မိုးညှင်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင် လှုပ်ရှားလာမှု မရှိစေရန် မြို့ဝင်၊ မြို့ထွက် နေရာများတွင် လုံခြုံရေးအရ စစ်ဆေးတင်းကြပ်မှုများ ရှိနေကြောင်း သိရသည်။
ရန်ကျော်
#EPN